ဖိုးသော်၏လက်ဦးဆရာပြောပြတဲ့ဘူရှီဒိုဖိုးသော်ရဲ့ ဘဝအချိုးအကွေ့များ

ဖိုးသော်၏လက်ဦးဆရာပြောပြတဲ့ဘူရှီဒိုဖိုးသော်ရဲ့ ဘဝအချိုးအကွေ့များ

မြန်မာနိုင်ငံ၏နာမည်ကျော်ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သည့် ဖိုးသော်သည်ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ ကစားသမားဘဝ မရောက်ခင်က အခက်အခဲ၊ အချိုးအကွေ့များစွာ ကြုံတွေ့ခဲ့ရသူဖြစ်သည်။

တစ်နည်းအားဖြင့်ဆယ်ကျော်သက်ဘဝကို သာမန်လူငယ်တစ်ဦးအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ခန့်မှသာ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ ကစားသမား ဖြစ်လာခဲ့သူဖြစ်သည်။ ဖိုးသော်၏ ဘဝအချိုးအကွေ့များအနက် အဓိကနေရာတွင်ပါဝင်ခဲ့သူ ရိုးရာလက်ဝှေ့နည်းပြဆရာအောင်ပွဲမောင်က ဖိုးသော်နှင့် ပတ်သက်သည့်အမှတ်တရများကို ပြောကြားခဲ့သည်။

"ဖိုးသော်ကအရမ်းကြိုးစားတယ်။ နောက်တစ်ချက်က ဆရာပြောတဲ့အတိုင်း တစ်သွေမတိမ်းလိုက်နာတယ်။ ဒီအချက်ကပဲ သူ့ကို အချိန်တိုအတွင်း အောင်မြင်တဲ့သူဖြစ်လာစေတာ" ဟု ဆရာ အောင်ပွဲမောင်က ဆိုသည်။

ရိုးရာလက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်သူဆရာအောင်ပွဲမောင်သည် အဖြူရောင်သွေးသစ်လက်ဝှေ့ကလပ်ကို ပဲ့ကိုင်နေသူတစ်ဦးဖြစ်ပြီး မျိုးဆက်သစ် ရိုးရာလက်ဝှေ့သမားများစွာကို မွေးထုတ်နေသူဖြစ်သည်။

"အလားအလာရှိခြင်းမျိုးထက်တကယ်လုပ်ချင်စိတ်ရှိတဲ့ လူမျိုးကို မွေးထုတ်ပေးရတာ ပိုသဘောကျတယ်။ ဖိုးသော်က အဲ့လို လူမျိုးပေါ့" ဟု ၎င်းကဆိုသည်။

"ဖိုးသော်နဲ့စတွေ့တဲ့အချိန်မှာ သူက အသက် ၃၀ နားနီးနေပြီ။ တကယ်လုပ်ချင်စိတ်ရှိရင် အသက်က အရေးမကြီးဘူးလို့ ကျွန်တော်သူ့ကို ပြောခဲ့တယ်။ ဒီအချက်ကို သူက အခုသက်သေပြနေတယ်" ဟု ဆရာအောင်ပွဲမောင်က ဆိုသည်။

ဖိုးသော်သည်အဖြူရောင်သွေးသစ်ကလပ်ကို ရောက်လာစဉ်က ကျန်းမာရေးအတွက် ဦးစားပေးကစားခဲ့သော်လည်း ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်နှင့် ကြိုးစားအားထုတ်မှုများကြောင့် ယခုအခြေအနေကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့်ဆရာအောင်ပွဲမောင်၏ သင်ကြားပြသမှုများကို ရာနူန်းပြည့်လိုက်နာဆောင်ရွက်နိုင်ခြင်းကြောင့် ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ် လာခဲ့သလိုONEChampionship ၏ မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးအဖြစ်ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

ဖိုးသော်သည်၎င်း၏ လူငယ်ဘဝကို သာမန်လူတစ်ဦးအဖြစ်ဖြတ်သန်းခဲ့သလို ကျန်းမာရေးချူချာသူတစ်ဦးဖြစ်ခဲ့သော်လည်း ကိုယ်ခံပညာ အားကစားကြောင့် ၎င်း၏ စိတ်ဓာတ်ပိုင်း၊ ကြံ့ခိုင်မှုအပိုင်း များစွာ တိုးတက်ပြောင်းလဲလာခဲ့သူဖြစ်သည်။

"ဆရာအောင်ပွဲမောင်ဆီကနေ လက်ဝှေ့သမားတစ်ယောက်ရဲ့ စိတ်ဓာတ်၊ ယောင်္ကျားတစ်ယောက်ရဲ့စိတ်ဓာတ်တွေကို သင်ယူခွင့်ရခဲ့တယ်။ ကစားသမားဖြစ်စေ၊ သာမန်လူတစ်ယောက်ဖြစ်စေ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ တစ်ယောက်တည်းမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဆရာအောင်ပွဲမောင်ရဲ့ ကျေးဇူးတွေကို ဘယ်တော့မှ မမေ့နိုင်ဘူး"ဟု ဖိုးသော်က ဖွင့်ဟပြောဆိုခဲ့သည်။

ဖိုးသော်သည်လက်ရှိတွင် ၎င်း၏ နောက်ထပ် MMA ပွဲစဉ်အတွက် အမေရိကတွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။ ကစားသမားဘဝက အနားယူချိန်တွင်လည်း ၎င်း၏ လက်ဦးဆရာအောင်ပွဲမောင်ကဲ့သို့ မျိုးဆက်သစ် ကိုယ်ခံပညာ ကစားသမားများကို မွေးထုတ်ပေးနိုင်သည့် နည်းပြဆရာတစ်ဦးဖြစ်လာရန် ရည်မှန်းချက်ရှိထားသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly