ယစ်မျိုးလိုင်စင်များနှစ်စဉ်လျော့ချနေသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှပြောကြား

ယစ်မျိုးလိုင်စင်များနှစ်စဉ်လျော့ချနေသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှပြောကြား

နေပြည်တော်၊ မေလ ၁၇၊ ။        ။ ယစ်မျိုးမူဝါဒနှင့် ယစ်မျိုးအခြေခံမူတို့အရ လိုင်စင်များကိုနှစ်စဉ်လျှော့ချခွင့်ပြုခဲ့သည်ဟု ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောသည်။

မေလ ၁၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နှစ်စဉ်ယစ်မျိုး မူဝါဒနဲ့ အညီ ယစ်မျိုးလိုင်စင်တွေ ချထားပေးတာရှိပါတယ်။ယစ်မျိုးလိုင်စင်တွေ ထပ်မံပြီးတော့ မတိုးပွားစေဖို့ အတွက်လည်း ညွှန်ကြားချက်ရှိတဲ့အတွက်ကြောင့်မို့လို့ နှစ်စဉ် ချထားတဲ့ ယစ်မျိုး လိုင်စင်တွေ ဟာ တိုးမြှင့်ပြီးတော့ချထားပေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်ခြင်း မရှိပါဘူး။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ တစ်ပြည်လုံး အတိုင်းအတာ အနေနဲ့ ယစ်မျိုး လိုင်စင်ပေါင်း (၄၁၁၃၅) ခု ချထားပေးခဲ့ပါတယ်”ဟု ၄င်းက ပြောသည်။

ယစ်မျိုးလိုင်စင်များကို နှစ်စဉ် လျော့ချ၍ ခွင့်ပြုရာတွင် ၂၀၁၃-၁၄ဘဏ္ဍာနှစ်၌ (၄၁၂၆၃)ခု၊ ၂၀၁၄-၁၅ ခုနှစ်တွင် တွင် (၄၁၂၁၀)ခု၊ ၂၀၁၅-၁၆ ခုနှစ်တွင် (၄၁၁၅၃)ခု၊ ၂၀၁၆-၁ရခုနှစ်တွင် (၄၁၁၄၇)ခု၊ ၂၀၁၇-၁၈ခုနှစ် တွင်(၄၁၁၄၀)ခု၊ ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၄၁၁၄၀)ခုအထိ ခွင့်ပြုခဲ့ကြောင်းသိရသည်။။

အရက်သေစာသောက်စားခြင်း အလေ့အထ ပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်အတွက် မူဝါဒ ချမှတ်ထားပြီး အရက်ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင် ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေဘဲ အရက်များအပေါ်တွင် အခွန်ကြီး လေးစွာကောက်ခံရန် လုပ်ဆောင်ထားကြောင်း ဦးမြင့်သန်းက ဆက်လက်ပြောသည်။

ယစ်မျိုး လိုင်စင်စိစစ်ကြပ်မတ်ရေးနှင့်လိုင်စင်ခွန်များတိုးမြှုင့်ကောက်ခံရေး အဖွဲ့(Task Force) ကို ဗဟို အဆင့်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌ ၊ ဒုတိယရဲချုပ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒု-ဥက္ကဋ္ဌ အဖြစ်ဦးစီးပြီး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင်းက တရားမဝင် ယစ်မျိုးလုပ်ကိုင်သူ ငါးထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ငါးထောင်ကျော်ကို အရေးယူမှုရှိခဲ့ကြောင်း ဦးမြင့်သန်းက ဆက်လက်ပြောကြားသည်။

“တတိယ(၁)နှစ်တာကာလအတွင်း တရားမဝင်ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ(၅၂၀၂)ဦးကို ဖမ်းဆီး၍ အမှု (၅၁၈၄)မှု၊ ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်သူ (၅၇၅)ဦးအား အမှု(၇၅၄)မှု၊ အမှုဖွင့် တရားစွဲဆို အရေး ယူနိုင်ခဲ့ပါသည်”ဟု ၄င်းကပြောကြားခဲ့သည်။

၂၀၁၈ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆လ) ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် ယစ်မျိုးခွန်၊ တာတမံခွန်၊ မြေခွန်နှင့် ဓာတ်သတ္တုခွန်တို့မှ စုစုပေါင်း ကျပ်(၂၀၃၉၆.၇၄၁)သန်းကို အခွန် ကောက်ခံရရှိခဲ့ကြောင်း ဦးမြင့်သန်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly