မြန်မာ နှင့် EU ထိပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ အစည်းအဝေးကျင်းပ

မြန်မာ နှင့် EU ထိပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ အစည်းအဝေးကျင်းပ
ဓာတ်ပုံ - EPA

ရန်ကုန် ၊မေ ၁၇ ။          ။ မြန်မာနှင့်ဥရောပသမဂ္ဂထိပ်တန်းအရာရှိများအကြား ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် မေလ ၁၆ ရက်နေ့က ကျင်းပခဲ့ပြီး နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်း လမ်းများကို ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံကို EU က လက်ရှိ ခွင့်ပြုထားသည့် ပို့ကုန်များအပေါ် အခွန် ကင်းလွတ်ခွင့် နှင့် လူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ရန်လည်း နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

ယင်းအပြင် ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်တို့ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ၏ ပြဿနာများ ၊ လူ့ အခွင့်အရေး ချိုးဖောက်ခဲ့သူများကို အရေးယူပေးရန်၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များ၊ အလုပ်သမားအခွင့်အရေး နှင့်  သတင်းမီဒီယာ လွတ်လပ် ခွင့်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဥရောပသမဂ္ဂ-မြန်မာ အကြီးတန်းအရာရှိကြီးများ၏ အစည်းအဝေးက သတင်းထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာအစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ မှ ၂၀၁၄- ၂၀၂၀ ခုနှစ်ကာလအတွင်း ယူရိုငွေ ၆၃၈ သန်း ထောက်ပ့ံပေးရန် ကတိပြုထားသည့်အတိုင်း ဆက်လက်ကူညီပေးနေခြင်းကြောင့် ကျေးဇူးတင်ရှိကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ နှင့် EU ဥရောပသမဂ္ဂ ဘက်မှ အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွန်ကြားရေးမှူး Gunner Wiegand ဂန်းနာ ဝီးဂန် တို့ ဦးဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly