ဗုဒ္ဓဘာသာလူငယ်များက အစ္စလာမ်ဘာသာဝင်များကို နှင်းဆီဖြူပေးသည့်ကမ်ပိန်းပြုလုပ်

ဗုဒ္ဓဘာသာလူငယ်များက အစ္စလာမ်ဘာသာဝင်များကို နှင်းဆီဖြူပေးသည့်ကမ်ပိန်းပြုလုပ်
ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ရန်ကုန်၊ မေ ၁၇ ။          ။ ငြိမ်းချမ်းရေးကို လိုလားသည့် ဗုဒ္ဓဘာသာလူငယ်များမှ အစ္စလာမ်ဘာသာဝင်များအား နှင်းဆီဖြူပေးသည့် ကမ်ပိန်းတစ်ခုကို မေလ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဇပါရ်ရှားဒါရ်ဂါတော် ဗလီ‌ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ဇပါရ်ရှားဒါရ်ဂါတော် ဗလီ‌ကျောင်းသို့ ဗုဒ္ဓဘာသာလူငယ်များမှ သွားရောက်၍ ဝတ်ပြုရာမှပြန်လာသည့် အစ္စလာမ် ဘာသာဝင်များကို နှင်းဆီဖြူများကို ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

“ နှင်းဆီဖြူလှုပ်ရှားမှုဆိုပြီးနာမည်ပေးထားပါတယ်။ မနေ့ညကနေပြီး စကြပါတယ်။ မနေ့ညက ပြင်ဦးလွင်က အာရှအလင်းရောင် ဆရာတော်ဦးစိန်တိဿက နေပြီးတော့ ညနေဘက်မှာ ကျွန်တော်နဲ့ လှမ်းဆက်သွယ်ပြီး တော့ ဆရာတော်လည်း ရန်ကုန်ရောက် နေတဲ့ အခါကျ တော့ ခုတလောအပိတ်ခံခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံကနေပြီးတော့ လူတွေနဲ့ ရပ်ကွက်ထဲတွေသွားပြီးတော့ အားပေးချင်တယ်တဲ့။ သွားပြီးတော့ ဒီလူတွေကိုနှစ်သိမ့်ချင်တယ်။ အဲဒါနဲ့မနေ့က ဆရာတော်နဲ့သွားဖြစ်ကြတယ်။ သွားရင်းကနေ လမ်းမှာ နှင်းဆီပန်း ဖြူလေးတွေ ဝယ်သွားပြီးတော့ မွတ်စလင်ဘာသာဝင်မိတ်ဆွေတွေကို နှင်းဆီပွင့်လေးတွေ ပေးဖြစ်တယ်ပေါ့” ဟု ဦးဆောင်တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသက်ဆွေဝင်းကပြောသည်။

နှင်းဆီဖြူကမ်ပိန်းသည် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုခြင်းကို မေလ ၁၅ရက်နေ့က မျိုးချစ်ဆိုသူများ တားဆီးနှောက်ယှက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့အပြင် ဗုဒ္ဓဘာသာကိုအသုံးချကာ အခြားဘာသာများကိုဖိနှိပ်ခြင်းမျိုးအား လက်မခံနိုင်သည့်အပြင် ဗုဒ္ဓဘာသာဝင်ပြည်သူအများစုတွင် အဆိုပါဖြစ်ရပ်၌ ပါဝင်သူများကဲ့သို့ စိတ်ဆန္ဒမရှိသည်ကို ပြသချင် သည့်သဘောမျိုးလည်းဖြစ်ကြောင်း သိရသည်။

“ ဥပဒေကိုပြုတဲ့သူတစ်ယောက်ကနေပြီး ခွင့်ပြုထားတဲ့ကိစ္စကို ကျန်တဲ့အဖွဲ့အစည်းကနေပြီး ဖျက်လို ဖျက်ဆီးလုပ်တယ်ဆိုတော့ လူတစ်ယောက်အနေနဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကတော့ မဖြစ်သင့်ဘူး။ မြန်မာလူမျိုးဟာ ဥပဒေကိုလိုက်နာရမယ်ဆိုတဲ့ ကိစ္စရပ်မျိုးတော့ ရှိစေချင်တယ်ပေါ့” ဟု ဝတ်ပြုရာမှပြန်လာ သည့် ယခင်ပညာရေးဝန်ကြီးဟောင်း ဦးရာဇက်၏ သားဖြစ်သူ ဦးတင်မြင့်ကလည်းပြောသည်။

ထို့အပြင် အခြားဘာသာ၏ အထွဋ်အမြတ်လတွင် လာရောက်နှောင့်ယှက် ဖျက်လိုဖျက်ဆီးလုပ်ခြင်းမှာ မဖြစ်သင့်ဟု ၎င်းကသုံးသပ်သည်။

ယာယီဝတ်ပြုဆောင်အဖြစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကခွင့်ပြုထားသည့် တောင်ဒဂုံမြို့နယ်ရှိဝတ်ပြုဆောင် ၃ ခုကို မေလ ၁၄ နှင့် ၁၅ ရက်တို့တွင် မိုက်ကယ်ကျော်မြင့်ဆိုသူ ဦးဆောင်သော အမျိုးသားရေးလှုပ်ရှားသူ နှစ်ရာခန့်က လာရောက်ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား ခဲ့ပြီးနောက် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ယီဝတ်ပြုဆောင် သုံးခုစလုံးကို ရန်ကုန်တိုင်းရဲမှူးက ပြန်ပြီး ဖွင့်လှစ်ခွင့်ပြုခဲ့သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required