မကွေးရှိ လေအားလျှပ်စစ်လုပ်ငန်း ၂၀၂ဝနှစ်ကုန် စတင်နိုင်မည်ဟု ဝန်ကြီးဆို

မကွေးရှိ လေအားလျှပ်စစ်လုပ်ငန်း ၂၀၂ဝနှစ်ကုန် စတင်နိုင်မည်ဟု ဝန်ကြီးဆို

မကွေး၊ မေ ၁၇ ။        ။ လျှပ်စစ်မဂ္ဂါဝပ်( ၂၆၀) ကျော်ထုတ်လုပ်နိုင်မည့် မကွေးတိုင်း လေအားလျှပ်စစ်လုပ်ငန်းအား ၂၀၂၀ နှစ် ကုန်ပိုင်းတွင် စတင်နိုင်ရန်မျှော်မှန်းထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မေလ ၁၄ရက်နေ့က ဒေသခံမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မကွေးတိုင်းဒေသကြီး မင်းလှ ၊ မင်းတုန်း နှင့် ချောက်မြို့နယ်များတွင် လုပ်ဆောင်ရန်လျာထားသည့် လေအား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၂၆ဝကျော်ရရှိမည်ဟု ပညာရှင်များက တွက်ချက် ထားပြီး မင်းလှမြို့နယ်တွင် ၂၀၂ဝနှစ်ကုန်ပိုင်းမှစ၍ လုပ်ငန်းများစတင်လည်ပတ်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“မင်းလှမြို့နယ်ထဲမှာ တာဝါတိုင်တွေဆောက်မယ့်နေရာ၊ ကေဘယ်လ်ကြိုးတွေမြှုပ်မယ့်နေရာ ၊ အဲဒါတွေ အတွက် ဆုံးရှူံရမယ့်လယ်ယာမြေတွေအတွက် လျော်ကြေးဘယ်လောက်ပေးရမယ်ဆိုတာ ကွင်းဆင်းပြီး အတိအကျထွက်အောင် တွက်နေကြပါပြီ။ လောလောဆယ် ဆုံးဖြတ်ထားတာကတော့ မြေတွေကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ပိုင်လုပ်ပြီး သူတို့ကို ငှားရမ်းတဲ့ပုံစံနဲ့လုပ်မယ်။လုပ်ငန်းတွေ ဆက်သွားနေပါတယ်။ သေချာပေါက် လေစွမ်းအင်ကနေ လျှပ်စစ်ထုတ်လို့ရတယ်ဆိုတာ တစ်နှစ်ခွဲလောက်စမ်းပြီးပြီဖြစ်လို့ ထုတ်ဖြစ်ဖို့ က သေချာပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။

လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်စင်္ကာပူအခြေစိုက် Infra Capital Myanmar-ReEx ကုမ္ပဏီတို့ ၂၀၁၇ ခုနှစ် ဧပြီလ (၄)ရက်နေ့တွင် MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုး၍ ဆောင်ရွက်နေပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ လေတိုက်နှုန်း၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု၊ မြေယာအသုံးချမှုအတွက်လျော်ကြေးငွေကိစ္စများကို အဖွဲ့ ဖွဲ့စည်း၍ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

လေအားလျှပ်စစ်လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုကို ပြည်ထောင်စုအစိုးရနှင့်ဆောင်ရွက်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတ ၊ သဘာပတ်ဝန်းကျင် ၊ လျှပ်စစ်နှင် ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ကပြော သည်။

“ကျွန်တော်တို့က မြန်မာငွေသိန်းပေါင်း(၆၀၀၀)ထောင် ဒေါ်လာ(၅)သန်းဆိုရင် တိုင်းဒေသကြီးကလုပ်ပိုင်ခွင့် ရှိတယ်။ နောက်ပြီးထုတ်တဲ့လျှပ်စစ်က ဒီဒေသအတွင်းမှာဆိုတိုင်းဒေသကြီးက လုပ်လို့ရတယ်။ မဟာဓာတ် အားလိုင်း နေရှင်နယ်ကရစ်ကိုချိတ်မယ်ဆိုရင် ပြည်ထောင်စုနဲ့ပဲလုပ်မှာပါ” ဟု ဝန်ကြီးဦးမြင့်ဇော်ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စမ်းသပ်မှုများဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ လေအားလျှပ်စစ်ထုတ်လုပ်မည့် လေရဟတ်များမှာ ၂၂၅မီတာ(၇၅ဝပေ)ခန့် မြင့်မားမည်ဖြစ်ပြီး နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အသိအမှတ်ပြုထားသည့် ကုမ္ပဏီ များမှ ပညာရှင်များဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လုပ်ငန်းများစတင်နိုင်မည့်အချိန်ကို တိုင်းအစိုးရအဖွဲ့မှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ အဲဒါတွေပြီးရင် အစိုးရအဖွဲ့နဲ့ သဘောတူညီချက် MOU ကို ပြည်ထောင်စုအစိုးရ အဖွဲ့ဆီလွှဲပေးပါ့မယ်။ လေအားလျှပ်စစ် တစ်ယူနစ်ကိုဘယ်လောက်နှုန်းနဲ့ ကျွန်တော်တို့က ဝယ်မယ်ဆိုတာ PPA သဘောတူညီချက် ရယူပြီးရင်တော့ လုပ်ငန်းတွေစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ၂၀၂ဝခုနှစ်အကုန် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေ စတင်နိုင်မယ်လို့ မျှော်မှန်းပါတယ်” ဟု ဝန်ကြီး ဦးမြင့်ဇော် က အတည်ပြု ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly