တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး

တစ်ဘဝလုံးကို ဘိလိယက်ကစားနည်းပေါ်မှာ မြှုပ်နှံထားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ကိုနေသွေးဦး
ဓာတ်ပုံ- ထွန်းထွန်းဝင်း

ရန်ကုန်၊ မေ ၁၇ ။          ။ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှသာ အားကစားနည်းအဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့တဲ့ ဘိလိယက်နှင့်စနူကာ အားကစားနည်းကို ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံအဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ငယ်စဉ်တည်းက ဖခင်ဖြစ်သူ ဖွင့်လှစ်ထားတဲ့ ဘိလိယက်ခုံမှာ ကူညီလုပ်ကိုင်ရင်း အသက် ၄၉ နှစ်အထိ ဘိလိယက်နဲ့ စနူကာထိုးနည်းကို တစိုက်မတ်မတ်ကစားတဲ့ မြန်မာ့လက်ရွေးစင်အားကစားသမားတစ်ယောက် အကြောင်းက စိတ်ဝင်စားစရာပါ။

ကိုနေသွေးဦးဟာ နိုင်ငံလက်ရွေးစင်အားကစားအဖြစ် သူ့ဘဝတစ်လျှောက်လုံး ရပ်တည်ရင်း မိသားစုနဲ့အတူ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်မှာ နေထိုင်လျှက်ရှိပြီး နိုင်ငံကိုယ်စားပြုပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၉ ခုနှစ် အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့်အာရှစနူကာ ယူ၂၁ ပြိုင်ပွဲတွင်  မြန်မာကစားသမား နေသွေးဦးက ပြိုင်ဘက်ကစားသမား ထိုင်းနိုင်ငံသားအသက် ပရာပွတ်ကို အနိုင်ရကာ ချန်ပီယံဆုဖလား ရရှိခဲ့သည်။

လက်ရွေးစင်ထဲမှာ ချမ်းသာတဲ့လူ တစ်ယောက်မှ မပါ ပါဘူး။ ကျွန်တော်လည်း မချမ်းသာပါဘူး ။ ကျေးဇူးတင်ရမှာက ကျွန်တော်ရဲ့ မိသားစုပေါ့။ ရှိတာ၊ မရှိတာထက် ကိုယ်ဝါသနာပါတဲ့ကစားနည်းကို နောက်ကနေ အမြဲတမ်း ထောက်ပံ့ ပေးတယ်။ ဘယ်တော့မှ ငြိုငြင်တယ်ဆိုတဲ့စကား မပြောဘူး ။ ယှဉ်ပြိုင်တဲ့ပွဲတိုင်းကို အားပေးတယ်။ နိုင်လာရင် ပျော်ကြတယ်။ ထောက်ပံ့ကြေးက လက်ရွေးစင်ဖြစ်သွားခဲ့ရင် ပေးတဲ့ ထောက်ပံ့ကြေးပေါ့ ။ လက်ရွေးစင် မဖြစ်သေးခင်မှ ကိုယ်ကိုတိုင် အကုန်ကျခံခဲ့ရတာတွေက အများကြီးပဲ ။ ဒါက လက်ရွေးစင်တိုင်း ကြုံရတဲ့ အတွေ့အကြုံပါ။

မေး ။    ။ ဘိလိယက်ထိုးခဲ့တဲ့ ငယ်ဘဝအစကို အရင်ပြောပေးပါဦး။ ဘယ်အချိန်ကစပြီး ၀ါသနာပါခဲ့တာလဲ။

ဖြေ။    ။ ကျွန်တော် စပြီး ၀ါသနာပါတာက မိသားစုစီးပွားရေးအရ ကျွန်တော် ငယ်ငယ်လေးတည်းက အဖေက ဘိလိယက်ခုံထောင်တော့ ၆ ပေ ၃ ပေ ခုံလေး ထောင်တယ်။ ကျွန်တော် အသက် ၇ နှစ်၊ ၈ နှစ်တည်းက ဘိလိယက်ခုံနဲ့ ယဉ်ပါးလာတာပါ။ အဲဒီတုန်းက မာကာ(ဒိုင်)လုပ်ရတာပေါ့။ အဲဒီကနေပြီးတော့ ဒီကစားနည်းပေါ်မှ ၀ါသနာပါလာတယ်လို့ ပြောရမှပေါ့။ အဲဒီတုန်းက အလောင်းကစားပေါ့ ။ ကျွန်တော်အဖေက လက်ဦးဆရာပါ။ အချိန်အားတဲ့အချိန်တိုင်း ကစားဖြစ်တယ် ကိုယ့်ခုံဆိုတော့ ။ ကစားရင်းနဲ့လူကြီးတွေကတောင် ကိုယ့်ကို မနိုင်တဲ့အနေအထားမျိုးပေါ့။ ဝိုင်းပယ်တဲ့အနေအထားမျိုးပေါ့၊ ငယ်ငယ်တည်းက လက်စွမ်းထက်တယ် လို့ ပြောရမှာပေါ့ ။ ၀ါသနာလည်းပါတော့ ။

မေး။   ။ အဲဒီနောက် ဘိလိယက်ကို ဘယ်လိုမျိုး စပြီး ထိုးဖြစ်တာလဲဗျ။

ဖြေ။   ။ အဲဒီတုန်းက ကျွန်တော်က ကျောင်းသားဗျာ။ ကျောင်းတက်နေတုန်းဆိုတော့ ငယ်လည်း ငယ်သေးတယ်။  ပြိုင်ပွဲတွေမှ ထိုးကြည့်ချင်တယ်။ ပြိုင်ပွဲ စပြိုင်တော့ အဲဒီတော့မှ ကိုကျော်ဦး ၊ ကိုအောင်ဆန်းဦး၊ ကိုသန်းနိုင် ၊ ကိုအိကြာကွေး(ခ)ကိုဝင်းမြင့် ၊ ဦးဆန်းမြင့် (ခ) ကိုရှာရာစီ ၊ အဘဦးတင်ဦး တို့ကို စတင်တွေ့ဖူးတာ ။ အဲဒီတော့မှ သူတို့တွေ ထိုးတာကြည့်ရင်းနဲ့ ကိုယ်က ၀ါသနာ ပိုပါသွားတယ် ပြောရမယ် ။ သူတို့ထိုးတာ တအားကောင်းတယ်။ ကိုယ် မမြင်ဖူးတာတွေ မြင်ရတယ် ။ အဲဒီအပေါ်မှာ ကစားပြီးတော့ ၀ါသနာ ပါသွားပြီးတော့ ဒီလမ်းကြောင်းကို ရောက်လာတာပါ။

မေး။     ။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ပွဲရဲ့ ဗိုလ်လုပွဲမှာ နာမည်ကြီး ထိုင်းကစားသမား ပရာပွတ်က အသက် ၆၄ နှစ် ရှိပြီး လက်ရည်ကလည်း မကျသေးတော့ ဘယ်လိုယှဉ်ပြိုင်ခဲ့ရလဲ။

ဖြေ။       ။ကျွန်တော် လက်ရွေးစင် စဖြစ်တည်းက ကိုကျော်ဦး ၊ ကိုအောင်ဆန်းဦးတို့ ကစားနေတဲ့ခေတ်ထဲက ပရာပွတ်ဌာဝ ဆိုတာက အရှေတောင်အာရှကမ္ဘာပြိုင်ပွဲတွေမှာ ကြီးစိုးထားတဲ့ ကစားသမားတစ်ယောက်ပါ။ ကိုယ့်ကစားနည်းမို့ ပြောတာမပာုတ်ပါဘူး။ ကံကောင်းတယ်လို့ပြောရမယ်။ ကျွန်တော်တို့ကစားနည်းက Power ၊ ခွန်အားတွေသုံးပြီး ကစားရတဲ့ကစားနည်း မပာုတ်ပါဘူး။ စိတ်တည်ငြိမ်မှုပေါ်မှာ အခြေခံပြီး လက်ရည် အဆင့်အတန်းပေါ်မှာ မှုတည်တာပါ။ အကောင်းဘက်ကပြောမယ်ဆို အသက်ကြီးလာတော့ ပိုပြီး တည်ငြိမ်လာတာပေါ့။ သူ ယှဉ်ပြိုင်တဲ့ပွဲမှ လက်ရည်က ကျသွားတယ်ဆိုတာ မရှိပါဘူး ။ အခုပွဲမှာလည်း ထင်ထားတာက တစ်ဖက် ထိုင်းကစားသမား ပရာပွတ် နဲ့ ကမ္ဘာချန်ပီယံ ၂၁ ကြိမ်ရတဲ့ အိမ်ရှင် အိန္ဒိယ ကစားသမား အက်ဗာနီနဲ့ ယှဉ်ပြိုင်ရတယ်။ သူတို့နိုင်ငံပရိသတ်တွေရော၊ ကိုယ်တို့ရောထင်ထားတာက အက်ဗာနီပဲ တက်လာမယ်ထင်ထားတာ။ သူက အဲပွဲမှာ တော်တော်ကြီး ကောင်းကောင်းထိုးပြီး အက်ဗာနီ ကို ပြတ်ပြတ်သားသားနိုင်ပြီး ဗိုလ်လုပွဲ တက်လာတယ်။  အသက် ၆၄ မှာ ထိုးနိုင်တယ်ဆိုတော့ ကိုယ်လည်း အားရှိတယ်။ ကိုယ့်အသက်အရွယ်နဲ့နောက်ပိုင်း ဆက်ကစားဖို့ဆိုတာ ၄ ၊ ၅ ၊ ၁၀  နှစ် ကြိုးစားပမ်းစား ရပ်တည်ဖို့ ခွန်အားဖြစ်တာပေါ့။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲပြီးရင် အာရှအားကစားပြိုင်ပွဲပါ။ အာရှပွဲ ပြီးရင် ကမ္ဘာ့ပြိုင်ပွဲပါ ။ ဒီကစားနည်းက နှစ်တိုင်း ရှိတယ်။ ကျွန်တော်တို့က အာရှပြိုင်ပွဲမှ နှစ်တိုင်းနီးပါး ပြိုင်ဖြစ်တယ်။ ၂၀၀၆ ခုနှစ်မှ ကျွန်တော်ရဲ့ စီနီယာ ကစားသမား ၊ နည်းပြပေါ့။ ကိုအောင်ဆန်းဦး က ချန်ပီယံ ဖြစ်ဖူးပါတယ်။ ကျွန်တော်က ၂၀၁၉ ဆိုတော့ ၁၃ နှစ်ကြာမှ ဖလားပြန်ရတော့ ဒုတိယအကြိမ်ပေါ့။ သူ ဖလားရတုန်းကလည်း အိန္ဒိယနိုင်ငံသား ဂျိုရှုကို နိုင်ပြီးတော့ ဖလားရခဲ့တယ်။ ကျွန်တော်တို့ အလှမ်းဝေးနေတဲ့ ပြိုင်ပွဲက ကမ္ဘာ့ပြိုင်ပွဲပါ ။

မေး။   ။ စိတ်လှုပ်ရှားစရာနဲ့ အမှတ်ရစေမယ့်ပွဲက ဘယ်ပွဲဖြစ်မလဲ ။  

ဖြေ။   ။ ပြိုင်ပွဲကတော့ တစ်လျှောက်လုံးပြိုင်နေတာ ပြည်တွင်းပွဲတွေလည်း အများကြီးပြိုင်ဖြစ်တယ်။ ပြည်တွင်းက ချန်ပီယံတွေနဲ့လည်း ပြိုင်ခဲ့တယ်။ အကြိတ်နယ် ပြိုင်ပြီးတော့ ဆုရတာတွေလည်းရှိတယ်။ ကိုအောင်ဆန်းဦးတို့နဲ့ စနူကာပြိုင်တော့ ရှုံးခဲ့တာလည်းရှိတယ်။ စိတ်လှုပ်ရှားစရာတွေက အများကြီးပဲ ။ အမှတ်ရစရာ ပွဲကို မေးခဲ့ရင် ကျွန်တော် အင်တာဗျူးတိုင်းဖြေတဲ့ ပွဲတစ်ပွဲတော့ ရှိပါတယ်။ ၂၀၁၇ ခုနှစ်က ကာတာနိုင်ငံမှာ ပြိုင်တဲ့ ကမ္ဘာ့ပွဲ။ ကမ္ဘာ့ပွဲဆိုရင် Short Point နဲ့ Long Point နှစ်မျိုး ရှိတယ်။ Long Point ကို ဝင်ပြိုင်တယ် ။ ကျွန်တော့ ပြိုင်ဘက်ကလည်း ကမ္ဘာ့ချန်ပီယံဖြစ်ဖူးတဲ့ ရှာရွတ်ကိုသာရီ ၊ ကျွန်တော်တို့ကို လာသင်ပေးတဲ့ အိန္ဒိယနည်းပြချုပ်ရဲ့ သား၊ သူနဲ့ပြိုင်တဲ့ပွဲမှာ ရမှတ် ၅၀၀ ပြည့်ရင် နိုင်တယ်။ အဲဒီအချိန်မှာ သူက ၄၉၇ မှတ် ရနေတယ်။ ကျွန်တော်အမှတ်က ၁၇၀ လောက်ပဲ ရှိသေးတယ်။ အမှတ်  ၃၃၀ ကျော်လောက် လိုသေးတယ်။ အကုန်လုံးကလည်း ရှုံးမယ်လို့ထင်ထားနေပြီး ကိုယ်တိုင်လည်း နိုင်မယ်လို့ မထင်တော့ဘူး။ အဲဒီအချိန်မှ ပထမ ၁ ကျူ မှ Pre ထိုးလိုက်တယ်၊ စစ်လိုက်တယ်။ အဲဒီအချိန်မှ သူက ၂ မှတ်ထက် ရတယ် ။ ၁ မှတ်ဂိမ်း ကျန်တယ်။ ၁ မှတ်ဂိမ်းမှ သူ့ထက် လွတ်သွားတယ်။ ကျန်တဲ့ပာာကို ကျွန်တော် ထိုးလိုက်တယ်။ ပြောရမယ်ဆို ၂ ချက်တည်းနဲ့ အမှတ် ၃၃၀ ကျော်ကို ထိုးလိုက်တယ် ။ သူက ၃ မှတ် ကို ၂ ချက်နဲ့မရတော့ ကိုယ်က ၂ ချက်နဲ့ ၃၃၀ ကျော် ရပြီး နိုင်သွားတယ်။ အဲတော့ အဲဒီပြိုင်ပွဲမှ ကွာတားဖိုင်နယ်အဆင့်ကို ရောက်သွားတယ်။ အဲဒီပွဲကို အမြဲတမ်း အမှတ်ရနေပါတယ်။

မေး ။    ။ ဘိလိယက်အားကစားတစ်ခုတည်းနဲ့ ဘဝ ကို ဘယ်လိုရပ်တည်ခဲ့လဲ။

ဖြေ။      ။ ဘိလိယက်ပဲ ထိုးလားဆိုတော့ ကျွန်တော်တို့အားကစားနည်းက လက်ရွေးစင်တစ်ယောက် ဖြစ်ဖို့က ဘယ်လိုပြောမလဲ။ လက်ရွေးစင်ဖြစ်တဲ့လူတော်တော်များများက စီးပွားရေးလုပ်ငန်းရှင် နည်းပါတယ်။ ဒီလိုမျိုး အခက်ခဲတွေကြားထဲက ကြိုးစားပြီးတော့ ရှင်သန်နေရတာ။ အဲဒီလိုလူတွေ များတယ် ။ လက်ရွေးစင်ထဲမှာ ချမ်းသာတဲ့လူ တစ်ယောက်မှ မပါ ပါဘူး။ ကျွန်တော်လည်း မချမ်းသာပါဘူး ။ ကျေးဇူးတင်ရမှာက ကျွန်တော် ရဲ့ မိသားစုပေါ့။ ရှိတာ၊ မရှိတာထက် ကိုယ်ဝါသနာပါတဲ့ကစားနည်းကို နောက်ကနေ အမြဲတမ်း ထောက်ပံ့ ပေးတယ်။ ဘယ်တော့မှ ငြိုငြင်တယ်ဆိုတဲ့စကား မပြောဘူး ။ ယှဉ်ပြိုင်တဲ့ပွဲတိုင်းကို အားပေးတယ်။ နိုင်လာရင် ပျော်ကြတယ်။ ထောက်ပံ့ကြေးက လက်ရွေးစင်ဖြစ်သွားခဲ့ရင် ပေးတဲ့ ထောက်ပ့ံကြေးပေါ့ ။ လက်ရွေးစင် မဖြစ်သေးခင်မှ ကိုယ်ကိုတိုင် အကုန်ကျခံခဲ့ရတာတွေက အများကြီးပဲ ။ ဒါက လက်ရွေးစင်တိုင်း ကြုံရတဲ့ အတွေ့အကြုံပါ။ အခု ရပ်တည်နေတာကလည်း ကစားသမားတိုင်းကလည်း ၀ါသနာကို အရင်းခံပြီး ရပ်တည်နေကြရတာ။ တကယ်တမ်း ပိုက်ဆံရှိပြီး ချမ်းသာတဲ့လူတွေကလည်း လက်ရွေးစင် မလုပ်ကြပါဘူး ။ အများအပြောအဆိုခံရတယ်။ ကိုယ် နေချင်တိုင်း မနေရဘူး ။ အဲဒီတော့ ကိုယ့်ရဲ့အချိန်တွေကို အများကြီး ပေးရပါတယ်။ ကျွန်တော်တို့ကစားနည်းက အချိန်ပေးရတယ်။ အမြဲတမ်းလေ့ကျင့်နေမှ လက်ရည်က တိုးတက်တယ်။ လေ့ကျင့်မှုပျက်တာနဲ့ လက်ရည်အဆင့်အတန်းက နိမ့်သွားပါတယ်။ အခုလည်း တနင်္လာ ကနေ စနေ့နေ့အထိ အချိန်ပေး လေ့ကျင့်နေရပါတယ်။

မေး။     ။ မိသားစုအကြောင်း ပြောပြပါဦး ။

ဖြေ။      ။ မိသားစုက  ကျွန်တော်အဖေရယ် အမေရယ် အတူတူနေကြတယ်။ ကျွန်တော်က အနောက်က အိမ်မှနေတယ်။ အမျိုးသမီးက ကျောင်းဆရာမပါ။ သမီး နှစ်ယောက်ရှိပါတယ်။ သူတို့ကလည်း အဓိက ကတော့ ဒီ မိသားစုကြီးတစ်ခုလုံးက ကူညီထောက်ပံ့ပေးတယ်။ ကျွန်တော့သမီးတွေဆို လေ့ကျင့်တဲ့ကာလမှာ အပြင်စာ က ဒုက္ခရောက်တဲ့အနေအထားမှာ နေ့တိုင်း ထမင်းထည့်တာကအစ အကုန်လိုလေသေးမရှိ ကူညီပြီးတော့ အားပေးတယ်။ အခုလိုမျိုး ဆုတွေရလာတဲ့အခါကြတော့ ကိုယ်ပျော်သလို ကိုယ့်ထက်လည်း သူတို့က ပိုပျော်ကြတယ်။ ကျွန်တော့မွေးချင်းမောင်နှစ်မ ၄ ယောက် ရှိပါတယ်။ အစ်ကိုက တပ်ထဲမှာပါ။ အစ်မနဲ့ညီက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြပါတယ်။  

မေး။      ။ တစ်နေ့တာအတွင်း ဘာတွေလှုပ်ရှားမှုရှိလဲ ။ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအကြောင်း ပြောပြပေးပါဦး။

ဖြေ။       ။ တစ်နေ့တာက ထူးထူးခြားခြား မရှိပါဘူး။ ဒီကစားနည်းမျာ အချိန်ပေးရတယ်ဆိုတာကလည်း အမှန်ပါပဲ။ အောင်မြင်မှသာ အောင်မြင်တဲ့အရသာက ချိုမြိန်တာပါ။ ပင်ပင်ပန်းပန်းလုပ်ရတာရတာက အဆင်မပြေပါဘူး။ မနက်ဆိုရင် ကျွန်တော်တို့က စက်ရုပ်တွေလိုပါပဲ။ အရင်ကဆို ဒီချန်ပီယံဆုတွေမရခင်က ကျွန်တော့သူငယ်ချင်းတွေနဲ့ သံစျေးတို့၊ မေဝါးတို့မှာ လေ့ကျင့်ရတယ်။ အောင်ဆန်းကွင်းဆိုတာကလည်း စီနီယာကစားသမားတွေနဲဲ့အချိန်ပိုင်းပဲ လေ့ကျင့်ရတယ်။ အဲဒီတော့ မနက်ပိုင်းဆိုရင် ပိုပြီး ဝီရိယ ထားရတယ်။ လိုင်းကားတိုးစီးပြီး သွားခဲ့ရတယ်။ ညဘက်ဆိုလည်း ၁ နာရီ၊ ၂ နာရီအထိ အန်ကူတို့ ကလပ်ဖွင့်ထားတဲ့ လူတွေက လိုက်ပို့ပေးကြတယ်။ ဘိလိယက်ထိုးရင် အချိန်ကုန်တာ စိတ်ထဲမှာ မရှိတော့ပါဘူး ။ ကျွန်တော်က ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်လုပ်တဲ့ Sea Game ပွဲမှာ ရွှေ ၁ ခု၊ ငွေ ၃ ခု ရတယ်။ အဲဒီမှာ အဖွဲ့ချုပ် နဲ့ နိုင်ငံတော်က ချီးမြှင့်တဲ့ငွေနဲ့ ကားလေးတစ်စီးဝယ်ဖြစ်တယ်။ အခုတော့ သွားလာရတာ အဆင်ပြေသွားတာပေါ့။ နောက်ပိုင်း ကြိုးစားရင်းနဲ့ ဒီချန်ပီယံလမ်းကြောင်းပေါ် ရောက်လာတယ်။ ၂၀၁၇ ကာတာပွဲမှာလည်း တတိယ ရခဲ့တယ်၊ ဆုကြေးတွေ ရခဲ့တယ်။ နိုင်ငံတော်ကလည်း ချီးမြှင့်တယ်။ ၂၀၁၈ မှာလည်း အိမ်ရှင်လုပ်တဲ့ပွဲမှလည်း ဒုတိယ ရခဲ့တယ်။ ချန်ပီယံမဖြစ်ခင် ဒုက္ခတွေရောက်ခဲ့ပေမဲ့ ချန်ပီယံဖြစ်တဲ့လမ်းကြောင်းပေါ်မှာသွားနေတဲ့ အခါကြတော့ အရင်ရင်ထက် အဆင်ပြေလာတယ်လို့ပြောရမယ်။ ကျွန်တော့ရဲ့ ၀ါသနာရှင်တွေ ၊ အပေါင်းအသင်းတွေကိုလည်း ပြောချင်ပါတယ်။ အရင်တုန်းက ဒီလိုပဲ ဒုက္ခတွေခံပြီးတော့ ကြိုးစားခဲ့ရတယ်။ လက်ရွေးစင်ဖြစ်ချင်တဲ့လူတွေကလည်း တော်ရုံတန်ရုံကိစ္စတွေကို အနစ်နာခံ၊ ဒုက္ခတွေခံပြီးတော့ ကြိုးစားစေချင်ပါတယ်။ လက်ရွေးစင်တွေ အများကြီးပေါ်ပေါက်လာဖို့ မျှော်လင့်ပါတယ်။

မေး။     ။ လာမဲ့ ၂၀၁၉ ဖိလစ်ပိုင် Sea Game အတွက် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ။      ။ ၂၀၁၇ ထဲက ပွဲတွေက ဆက်တယ်။ ပွဲတွေရှိမှလည်း လေ့ကျင့်ဖို့ အားရှိတယ်။ ဆုတွေ ရလာတော့ ပိုပြီး အားရှိတယ်။ ၂၀၁၇ မှလည်း တတိယရတယ်။ ဆက်တိုက်လေ့ကျင့်ဖြစ်တယ်။ ကမ္ဘာ့ပြိုင်ပွဲမှာလည်း ဒုတိယ ရတယ်။ အာရှပြိုင်ပွဲမှလည်း ချန်ပီယံ ဖြစ်တယ် ။ အခုဆို အဖွဲ့ချုပ်မှ စနူကာပြိုင်ပွဲအတွက် လူရွေးပွဲတွေ လုပ်နေပါတယ်။ ကျွန်တော် ဘိလိယက် ကစားသမားတွေက လေ့ကျင့်မှုခဏ နားနေရတာပါ။ အဓိက ရည်မှန်းချက်အနေနဲ့ပြောရမယ်ဆို အရှေ့တောင်အာရှ အားကစားပြိင်ပွဲမှ အနိုင်ရချင်တယ်။ ရွှေတံဆိပ် ရချင်တယ်။ အာရှပြိုင်ပွဲနဲ့ ကမ္ဘာပြိုင်ပွဲဆိုတာက အဆင့်မြင့် ပြိုင်ပွဲ ဆိုပေ့မယ့် ကျွန်တော်တို့ အလိုချင်ဆုံးက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ တစ်ဦးချင်းရွှေတံဆိပ်ရဖို့ ဦးတည်ချက်ထားပြီး ကြိုးစားနေတယ်။ မြန်မာနိုင်ငံက တစ်ဦးချင်းဘိလိယက်ပြိုင်ပွဲမှာ ရွှေတံဆိပ်မရဖူးသေးဘူး ။ ၂ ယောက်တွဲပြိုင်ပွဲမှသာ ရခဲ့တယ်။ ကိုကျော်ဦး၊ ကိုအောင်ဆန်းဦးတို့ကလည်း ၂ယောက်တွဲ၊ ကျွန်တော်တုန်းကလည်း ၂ ယောက်တွဲမှာ ရခဲ့တယ်။ အခု Sea Game မှာ ဘာဖြစ်လဲဆိုရင် ပိုပြီးတော့ ရွှေတံဆိပ်ဆုရဖို့အတွက် ခက်ခဲသွားမယ်။ အိမ်ရှင်လုပ်တဲ့ နိုင်ငံရဲ့အားသာချက်က သူ အားနည်းတဲ့ဘိလိယက်ကစားနည်းပေါ်မှာ  တစ်ယောက်ချင်းပြိုင်ပွဲပဲ ရှိတယ်။ အရင်တုန်းကဆို တစ်ယောက်ချင်း ၊ နှစ်ယောက်ချင်းပြိုင်ရတာ ရှိတယ်။ ဘိလိယက်မှာ ရွှေတံဆိပ် ၂ ခု ပေးတယ်။ အခုဆို တစ်ယောက်ချင်းပြိုင်ရတဲ့အတွက် ရွှေက တစ်ခုပဲ ရှိတယ်။ တော်တော်ကြီး ကြိုးစားမှ ရမယ်။

မေး။    ။တစ်ခြား ဘယ်အားကစားကို ၀ါသနာပါသေးလဲ။

ဖြေ။    ။ အရင်က ရပ်ကွက်ဘောလုံးပေါ့ ။ မြို့နယ်လက်ရွေးစင်အထိ ပါဖူးပါတယ်။ ဘောလုံးကို ကစားဖူးပါတယ်။ ဘောလုံးကန်တာ ၀ါသနာပါတယ်။ သူငယ်ချင်းတွေနဲ့ ခြင်းခတ်လေ့ရှိပါတယ်။

မေး။     ။အချို့ရပ်ကွက်အတွင်းမှ ဘိလိယက်ခုံ ထောင်ထားကြတယ်။ အဲဒီမှာ တော်တဲ့ကစားသမားတွေလည်း ရှိတယ်။ ပိုက်ဆံကြေး ထိုးကြတာလည်း ရှိကြတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ဝင်ငွေကောင်းလာမယ်။ နိုင်ငံဂုဏ်ဆောင်နိုင်လာမယ်။ ၀ါသနာပါတဲ့အလုပ်ကို လုပ်နိုင်လာမယ် ဒါပေမယ့် သူတို့တွေက ဘာကြောင့် ရပ်ကွက်အတွင်းမှာ ကစားနေလဲ ။

ဖြေ ။     ။ ကျွန်တော့အမြင် ပြောတာပါ။ ကျွန်တော်လည်း လမ်းဘေးက တက်လာတာပါ ။ အများကြီး ကွာပါတယ်။ အခုမှ ဒီကစားနည်းဖွံ့ဖြိုးလာမှသာ ပိုက်ဆံအခကြေးငွေကလည်း များများ ၊ ခုံကြေးကောက်ပြီး အဲကွန်းနဲ့ ကစားဖို့လုပ်ပေးတာ ။ ခုံအခင်းတို့ ဘောလုံးတို့ဆိုတာက အများကြီး ကွာပါတယ်။ လမ်းဘေးကနေ တက်လာပြီးတော့ အဖွဲ့ချုပ်မှာ ကစားတည်းက အဲကွန်းနဲ့ကစားတာ။ အခင်းအသစ်တွေနဲ့ ကစားတာ ၊ ဘောလုံးအသစ်တွေနဲ့ ကစားတာ အများကြီးကွာပါတယ်။ အခု လေ့ကျင့်နေတုန်းမှာတောင် ခုံက ဟောင်းနေမယ် ၊ ဘောလုံးက ဟောင်းနေမယ်ဆို ပြိုင်ပွဲသွားပြိုင်ရင် အဆင်မပြေပါဘူး ။ ဒီ ဆုတံဆိပ်တွေရတာ အဖွဲ့ချုပ်နဲ့ အားကာသိပ္ပံကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းကဆို ခုံအခင်းတစ်ခု ကို ၅ ၊ ၆ လ နေမှ တစ်ခါလဲ ပေးတာ။ အဲဒီတော့ ဟိုမှာကစားတဲ့အချိန်ကြတော့ ဘောလုံးကန်နှုန်းတွေ ကွာသွားမယ်။ အခင်းရဲ့လိပ်တာတွေ ၊ ဘောင်တွေ မျှောတာတွေ ကွာသွားမှာပါ။ အခုဆို ပြိုင်ပွဲအတွက် ၁၅ ရက်လောက်အလိုမှ ခုံကို ကြည့်ရတယ်။ ကမ္ဘာ့ပွဲဆို ခုံတစ်မျိုး ၊ အခင်းတစ်မျိုး။ အာရှပွဲဆိုရင်လည်း တစ်မျိုးစီ ။ အဲဒီတော့ ကျွန်တော်တို့ဘက်ကလည်း တောင်းဆိုတယ်။ အဖွဲ့ချုပ်ဘက်ကလည်း လိုက်လျောပေးတယ်။ အခင်းအသစ်၊ ဘောလုံးအသစ် ၊ ဘောလုံးအသစ်နဲ့ အဟောင်းမှာလည်း အပေါ်မှ ကြွေရည် ရှိတယ်။ အဲဒီကြွေရည်ကြောင့်  ကန်နှုန်းတွေ လွှင့်တာတွေ မတူပါဘူး။ အခင်းအသစ် ခင်းလိုက်တဲ့အတွက် ဘောင်ရဲ့ထိတဲ့နေရာကနေ ပြန်လာတဲ့နှုန်းနဲ့ နေရာလည်း မတူပါဘူး ။ အဲဒီလိုမျိုးတွေ အများကြီးကွာပါတယ်။ တကယ်တမ်း အပြင်ကလူတစ်ယောက်က ကြားတယ်ဆိုရင် အပြောခံရမှာပါ။ လူပါးဝတယ်ဆိုပြီး။ အဲကွန်း မအေးရင် မထိုးတတ်တော့ဘူး။ အပြင်ခုံတွေမှာ ထိုးသလို လက်ရွေးစင်တွေ ထိုးနိုင်မှာ မဟုတ်ပါဘူး ။ အပြင်လူတွေကိုလည်း နိုင်ဖို့ခက်ပါတယ်။ အပြင်ကလူတွေကလည်း အထဲထဲ တကယ်တမ်း မလေ့ကျင့်တဲ့အခါကြတော့ ကျွန်တော်တို့ပြောတဲ့ဟာတွေကို အပိုလို့ ထင်ပါတယ်။ အပြင်မှာ ထိုးရတဲ့အနေအထားနဲ့ အထဲမှာ ထိုးရတဲ့အနေအထားက မတူပါဘူး။ လက်ရွေးစင် ဖြစ်ဖို့ဆိုရင် အပြင်မှာ ကောင်းနေတဲ့လူတွေက ဒီ လက်ရွေးစင်ပတ်ဝန်းကျင်မှာလာပြီးတော့ လေ့ကျင့်ပြီးတော့ လက်ရွေးစင်ဖြစ်ဖို့ ကြိုးစားစေချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly