ကုမ္ပဏီ ၂ ခုခွဲပြီး လုပ်ငန်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း IKBZ တာဝန်ရှိသူ ပြော

ကုမ္ပဏီ ၂ ခုခွဲပြီး လုပ်ငန်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း IKBZ တာဝန်ရှိသူ ပြော
ဓာတ်ပုံ - IKBZ Insurance Co., Ltd

ရန်ကုန် ၊ မေ ၁၇ ။            ။ ကုမ္ပဏီလုပ်ငန်း ၂ ခုခွဲပြီး ဆက်လက်လုပ်ဆောင်ရန် IKBZ General Insurance ကုမ္ပဏီလီမိတက်အား ဖျက်သိမ်းခြင်း ဖြစ်သည်ဟု IKBZ Insurance မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးမောင်မောင်မြင့်က မေ ၁၇ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“အခုက IKBZ ကို နှစ်ပိုင်းခွဲမှာ၊ နိုင်ငံတော်ရဲ့ မူဝါဒအရ Life ကုမ္ပဏီ တစ်ခုလုပ်ရမယ်။ General ကုမ္ပဏီတစ်ခု လုပ်ရမယ်။ အဲ့အပေါ်မှာ လူတွေက သဘောမပေါက်ကြဘဲနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ ပွကုန်တာပါ။ ကုမ္ပဏီဘက်က ဖြေရှင်းဖို့ လုပ်နေပါပြီ” ဟု ၄င်းက ဆိုသည်။

မေလ ၁၆ ရက်နေ့ ညပိုင်းတွင် IKBZ General Insurance ကုမ္ပဏီလီမိတက်ကို အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည့်အပေါ် ရှင်းလင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်စာတွင် မေ ၇ ရက်နေ့မှစ၍ စာရင်းရှင်းလင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကုမ္ပဏီထံမှ ရရန်နှင့် ပေးရန်ရှိသည်များကို သြဂုတ် ၇ ရက်နေ့ နောက်ဆုံးထားကာ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ ဆက်သွယ်တောင်းခံနိုင်ကြောင်း ဖော်ပြခဲ့ပြီးနောက် လူမှုကွန်ရက်သုံးစွဲသူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ကုမ္ပဏီဘက်မှ အသက်အာမခံ (Life Insurance) နှင့် အထွေထွေအာမခံ(General Insurance) ဆိုပြီး ကုမ္ပဏီ ၂ ခု ခွဲလိုက်ခြင်း ဖြစ်သည်ဟု ယနေ့တွင် ကုမ္ပဏီဘက်မှ ဖြေရှင်းလိုက်သည်။

လက်ရှိတွင် IKBZ အနေဖြင့် Life Insurance ကုမ္ပဏီကို သီးသန့်တည်ထောင်သွားမည်ဖြစ်ပြီး အလုံမြို့နယ် တွင် ဇူလိုင်လ၌ ရုံးဖွင့်လှစ်သွားမည်ဟု ဦးမောင်မောင်မြင့်က ဆိုသည်။ IKBZ General Insurance ကုမ္ပဏီကိုမူ ပန်းဘဲတန်းမြို့နယ်ရှိ KBZ ၆ ထပ်ရုံးတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသည့် နိုင်ငံခြားကုမ္ပဏီ ၅ ခုအား ၂၀၁၉ ခုနှစ်၊ ဧပြီ ၆ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကုမ္ပဏီများသည် နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်ပြီး Manufacture Life Insurance Company ၊ Dai-Ichi Life Insurance Company Limited ၊ Chubb Tempest Reinsurance Limited ၊ AIA Company Limited နှင့် Prudential Hong Kong Limited  တို့ဖြစ်သည်။

ထို့ကြောင့် IKBZ အနေဖြင့် Life Insurance ကုမ္ပဏီ နှင့် General Insurance ကုမ္ပဏီအဖြစ် နှစ်ခုခွဲ၍ လုပ်ကိုင်ခြင်းကြောင့် အသက်အာမခံ လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားကုမ္ပဏီများနှင့် အနာဂတ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားဖွယ်လည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly