နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးသူ ၁၂၅ ဦးရှိ

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးသူ ၁၂၅ ဦးရှိ

အောက်တိုဘာ ၆ ရက် ။ ။ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဆိုင်ရာ နည်းဥပဒေပြဌာန်းပြီးနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးသူ ၁၂၅ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။

၂၀၁၄ ခု ဒီဇင်ဘာမှ ၂၀၁၅ စက်တင်ဘာအထိ ၉ လ တာအတွင်း စုစုပေါင်းလျှောက်ထားသူ ၂၄၂ ဦးရှိခဲ့ရာ ပထမအကြိမ် အဖြစ် ၁၃၄ ဦးကို စိစစ်ခဲ့ပြီး လူတွေ့မေးမြန်းရာတွင် လာရောက်သူ ၁၂၅ ဦးကို လက်မှတ်နှင့် ကတ်များထုတ်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယဝန်ကြီးဦးဝင်းမြင့်က အောက်တိုဘာ ၅ ရက် နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအစည်းအဝေးတွင်ပြောခြင်းဖြစ်သည်။

ဒုတိယအကြိမ်အဖြစ် ၅၃ ဦးအား စိစစ်၍ ဗဟိုကော်မတီက ၄၆ ဦးအား ပဏာမခွင့်ပြုခဲ့ပြီး လူတွေ့မေးမြန်းရာတွင် ၄၄ ဦးကို စိစစ်အတည်ပြုခဲ့သည်ဟုဆိုသည်။

လုပ်ငန်းကော်မတီအစည်းအဝေးတွင် လျှောက်သူများထဲမှ ကျန်ရှိနေသေးသည့် ၅၅ ဦးအား စိစစ်အတည်ပြုပေးရန် ပြောဆိုသော်လည်း အတည်ပြုသည် မပြုသည်ကိုမူ မသိရသေးပါ။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အရခွင့်ပြုမည့် အမျိုးအစား (၄) မျိုးမှာ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းနှင့်သွေးချင်းဆက်စပ်သော နိုင်ငံခြားသား စသည်တို့ဖြစ်ကြောင်း သိရသည်။

Ref; MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly