တပ်မတော်နှင့် နာဂလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွား

တပ်မတော်နှင့် နာဂလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွား
Screengrab from YouTube

ခန္တီး၊ မေ ၁၆ ။      ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကော်ညှပ်နယ်အတွင်း မေ ၁၆ ရက် နေ့လယ်၂ နာရီမှ ညနေ ၆နာရီအထိ တပ်မတော်နှင့် နာဂလက်နက်ကိုင် NSCN-K တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး လဟယ်မြို့နှင့် ကော်ညှက်နယ်ဘက်မှ ကျေးရွာအကြား ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက်ဆက်သွယ်၍ မရသေးကြောင်း လဟယ်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ဆိုသည်။

NSCN-K သည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထိုသို့ ၇ နှစ်အကြာတွင် ယခုနှစ် ဇန်နဝါရီ၂၉ ရက်က နန်းယွန်းမြို့နယ်၊ တံခါးကျေးရွာရှိ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဌာနချုပ်ကို တပ်မတော်မှ သိမ်းယူခဲ့သည်။

ထို့ပြင် နာဂလက်နက်ကိုင် ခေါင်းဆောင် ၅ ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး ကသည်း/အာသံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်း ပုဒ်မ ၁၇/ ၁ ဖြင့် ခန္တီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဆက်သွယ်ပြီး တင်ပြသွားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly