လိင်တူချစ်သူများအပေါ် အကြမ်းဖက်ခံရမှုများရှိနေပြီး ရဲဝန်ထမ်းအချို့မှ ကျူးလွန်ဟု ပြောဆို

လိင်တူချစ်သူများအပေါ် အကြမ်းဖက်ခံရမှုများရှိနေပြီး ရဲဝန်ထမ်းအချို့မှ ကျူးလွန်ဟု ပြောဆို
ဇန်နဝါရီလ ၂၆ရက်နေ့က ရန်ကုန်မြစ်အတွင်း LGBT ပျော်ပွဲရွှင်ပွဲ ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ

ရန်ကုန်၊ မေ ၁၆ ။        ။ လိင်တူချစ်သူများအနေဖြင့် အကြမ်းဖက်ခံရမှုများရှိနေပြီး ၎င်းအကြမ်းဖက်မှုများကို ရဲအချို့က ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟု LGBT အသိုင်းအဝိုင်းမှ လိင်တူချစ်ခင်သူများက ပြောဆိုလိုက်သည်။

မေ ၁၅ ရက်နေ့ညက ရန်ကုန်မြို့၊ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်သော လိင်တူ၊ လိင်ပြောင်းနှင့် ဒွိလိင် ချစ်သူများအား ရွံ့မုန်းမှုကို ဆန့်ကျင်သော နိုင်ငံတကာနေ့ (IDAHOT) အကြိုအခမ်းအနားတွင် ပြောခဲ့ကြခြင်း ဖြစ်သည်။

မှောင်ရိပ်ခိုမှု ၃ဝ (ဃ) ကြောင့် ဖမ်းဆီးနှိပ်စက်ခံရမှုများကို အများဆုံးတွေ့ကြုံနေရကြောင်း Paralegal တစ်ဦး ဖြစ်သော ချာကိုးလ် (Colours Rainbow) က ပြောသည်။

“ကျွန်မတို့ LGBT ထဲမှာမှ Transgender ( လိင်ခွဲစိတ်ပြောင်းလဲထားသူ) တော်တော်များများကို ရိုက်နှက် ခံရတာတွေ၊ ညဘက်ဆိုရင် ကျဉ်စက်နဲ့ တို့ခံရတာတွေ၊ ပြီးရင် အဝတ်အစားတွေ ချွတ်ပြီးမှ ရဲတွေက ဒီမြောက်ဥက္ကလာမှာဆိုရင် ရိုက်တာတွေ ရှိတယ်။ နှိပ်စက်ခံရတယ်ပေါ့နော်။ အဲဒီလိုဟာတွေ အများဆုံး တွေ့ကြုံရပါတယ်။ ကျွန်မတို့ မှောင်ရိပ်ခိုမှု ၃ဝ(ဃ) နဲ့ အဖမ်းခံရတာတွေ အများဆုံးတွေ့ကြုံနေရပါတယ်” ဟု ၄င်းက ပြောသည်။

IDAHOT အကြိုအခမ်းအနားတွင် “ကူညီပါရစေ” အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဂေးလိင်လုပ်သားတစ်ဦးဖြစ်သော လေပြေ(အမည်လွှဲ)သည် အသက် ၁၇ နှစ် အရွယ်က ရဲတစ်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း ပြောပြထားသည်။


“ပြန်တော့ တွေ့ပါတယ်။ နောက်ထပ် နှစ်ရက်လောက်နေတော့ ပြန်တွေ့တယ် မြို့ထဲမှာ။ အဲ့ဒါကိုလည်း ကိုယ့်အနေနဲ့ သူတို့ကို သွားပြီးတော့ မတိုင်ရဲဘူး။ သူက သူ့ကိုယ်သူ ရဲပါဆိုပြီး ကိုယ့်ကို မုဒိမ်းကျင့်သွားတာ” ဟု ၄င်းက ပြောသည်။

အဆိုပါ “ကူညီပါရစေ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မယမင်းမေဦးက “အချို့သော ရဲတွေရဲ့  အမူအကျင့်တွေကြောင့်  “ကူညီပါရစေ” ဆိုတဲ့ ပြည်သူ့ရဲတွေရဲ့ဆောင်ပုဒ်ကို ခါးသီးမှုတွေ ဖြစ်စေပါတယ်” ဟု ဆိုသည်။

လိင်တူချစ်သူများ၏ စကားသံများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များ၊ လိင်တူချစ်သူများ၏ အခွင့်အရေး လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများ၏ စကားသံများလည်း အဆိုပါ ရုပ်ရှင်တွင် ပါဝင်နေသည်။

LGBT အခွင့်အရေးကွန်ယက်၏ ဥပဒေအကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ဟိုးက “ဆိုတော့ ၃ဝ (ဃ) နဲ့ ပုဒ်မ ၃၅ ပေါ့။ ပုဒ်မက အဓိပ္ပာယ်လည်း တူတူပဲ။ ပြဋ္ဌာန်းထားချက်လည်း အတူတူပဲ။ ဆိုတော့ ရဲဥပဒေ အရ လည်းပဲ၊ ခုနကလို ဒါက သာမန်လူတွေအပေါ်မှာ၊ သူသူကိုယ်ကိုယ် အရေးယူတဲ့ပုဒ်မမျိုးကို ဒီလိင်တူနဲ့ ပတ်သက်တဲ့လူတွေကြတော့ သူတို့က ပိုပြီးတော့ အနိုင့်အထက်ပြုပြီးတော့၊ ပိုပြီး ဖိနှိပ်ပြီးတော့ အရေးယူတာလည်း ကျွန်တော်တို့ တွေ့နေရပါတယ်။ ကျွန်တော်တို့နိုင်ငံက တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေ၊ တရားသူကြီးတွေကို အင်မတန်မှ ယုံကြည်အားကိုးပြီးတော့ ဥပဒေကို ပြဋ္ဌာန်းထားတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အများကြီးပေးထားတယ်။ သူတို့ကတော့ မှန်မှန်ကန်ကန် လုပ်မှာပဲဆိုတဲ့ အခြေခံပေါ် မူတည်ပြီးတော့ ပြဋ္ဌာန်းတဲ့ဥပဒေဟာ တကယ့်တကယ် သဘောထားသေးသိမ်တဲ့ ပုဂ္ဂိုလ်ရဲ့ လက်ထဲမှာ ဒီဟာလာရောက်ရတဲ့အခါကျတော့ ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ရပါတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly