ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်းထိမှန် ၊ ရွှေသင်္ကန်းအချို့ကွာကျ

ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်းထိမှန် ၊ ရွှေသင်္ကန်းအချို့ကွာကျ
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန် ၊ မေ ၁၆ ။         ။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီကို မေလ ၁၅ ရက်နေ့ ညပိုင်းက မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ပြီး စေတီတော်တွင် ကပ်လှူထားသည့် ရွှေသင်္ကန်းအချို့ ကွာကျခဲ့သည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“မနေ့က စမတောင်နဲ့ ဝိဇ္ဇာတောင်ကြားရှိ လျှိုထဲကို မိုးကြိုးပစ်ချလိုက်တာ။ စေတီကိုကျတော့ စက်ကွင်း နည်းနည်း ထိသွားတာပေါ့။ ရွှေသင်္ကန်းကပ်ထားတာ နည်းနည်းကွာကျသွားတယ်” ဟု ၄င်းကဆိုသည်။

မိုးကြိုးစက်ကွင်းအရှိန်ကြောင့် ကျိုက်ထီးရိုးဘုရား အဝင်နားရှိ ကျောက်သမံစေတီ အနီးခြေနင်းကျောက်ပြား အနည်းငယ် ပျက်စီးခဲ့သည်ဟုလည်း ဦးကျော်ဝင်းလှိုင်က ဆက်လက်ပြောဆိုသည်။

စေတီတော်မှ ကွာကျသွားခဲ့သည့် ရွှေသင်္ကန်းများကို အာမခံသေတ္တာဖြင့် ထည့်သိမ်းထားပြီး  အလေးချိန် ၇၂ကျပ်သားခန့်  ရှိနိုင်ကြောင်း ၊ ပြန်လည်သန့်စင်ပြီးမှ ရွှေသားမည်မျှပါဝင်မည်ကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“လာမယ့်စနေနေ့ ကဆုန်လပြည့်နေ့မှာ ဆရာတော်ကြီးတွေကို လျှောက်မယ်။ သြဝါဒခံယူပြီးမှ စေတီကို ပြန်ပြင်မယ်လို့ ဂေါပကအဖွဲ့က ဆုံးဖြတ်ထားတယ်” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဝင်းလှိုင်က ပြောသည်။

ကျိုက်ထီးရိုးစေတီတော်အား မိုးကြိုးထိမှန်သည့် ဖြစ်စဉ်သည် ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရွှေ ၇ ပိဿာကျော် ကွာကျခဲ့ဖူးသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly