SCANIA ယာဉ်သစ်များဖြင့် ရန်ကုန်မြို့ပတ်ကားလိုင်းသစ် မေလအတွင်း ပြေးဆွဲမည်

SCANIA ယာဉ်သစ်များဖြင့် ရန်ကုန်မြို့ပတ်ကားလိုင်းသစ် မေလအတွင်း ပြေးဆွဲမည်
အဝေးပြေးယာဉ်လိုင်းတချို့တွင်အသုံးပြုနေသည့် SCANIA ကားများကိုမြင်တွေ့ရစဉ်။ဓာတ်ပုံ - bookmyseatmyanmar

ရန်ကုန်၊ မေ ၁၆ ။           ။ နိုင်ငံတကာအဆင့်မီ SCANIA ယာဉ်သစ်များဖြင့် ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းအသစ်တစ်ခုကို မေလ အတွင်း တိုးချဲ့ပြေးဆွဲသွားရန်ရှိနေကြာင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

“ ကုမ္မဏီပြီးရင် ယာဉ်ရပ်ကွင်းလိုတယ်။ ဒါပေမယ့် ကျွန်တော်တို့မလုပ်နိုင်သေးတဲ့အတွက် လမ်းပေါ်မှာ ကားတွေရပ်တယ်။ အဲ့ဒီကုမ္မဏီက အခုဘာပါလုပ်နေလဲဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ယာဉ်ရပ်ကွင်းကြီး ထူထောင် နေတယ်။ ထူထောင်ပြီးတော့ ဒီလပိုင်းအတွင်းမှာပြေးဆွဲဖို့ ကျွန်တော်တို့နဲ့ ပေါင်းစပ်ညှိနှိုင်းနေပါတယ်။ သူတို့ရဲ့ ယာဉ်တွေဖြစ်တဲ့ SCANIA ကားတွေရဲ့တန်ဖိုးကလည်းကြီးတဲ့အတွက် လမ်းပေါ်မှာ မထားပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ မြို့ပတ် ဘတ်စ်ကားလိုင်းကို City Transit ကုမ္ပဏီမှ ပြေးဆွဲသွားမည်ဖြစ်ပြီး အောင်မင်္ဂလာ အဝေးပြေး ကွင်း မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ယာဉ်ရပ်နားကွင်းကိုလည်း အဝေးပြေးတွင်သာ တည်ဆောက် နေကြာင်း YRTA မှသိရသည်။

“ SCANIA ကားတွေကို ပြေးဆွဲမယ့်ကုမ္မဏီကလည်း ကျွန်တော်တို့အတွက် ဝမ်းသာစရာ အလွန်ကောင်း တာက SCANIA ထုတ်လုပ်တဲ့ ကုမ္မဏီကြီးတွေဟာ နည်းပညာပံ့ပိုးမှုတွေ နည်းစနစ်ပံ့ပိုးမှုတွေနဲ့ သူတို့က ကျွန်တော်တို့ထဲကို ဝင်ရောက်မှာဖြစ်တယ်” ဟု ဦးလှအောင်က ပြောသည်။

ခရီးစဉ် အစ/အဆုံး မှတ်တိုင် ၆၇ ခုပါရှိမည့် အဆိုပါယာဉ်လိုင်းအသစ်တွင် ဂိတ်အစအဖြစ် အောင်မင်္ဂလာ အဝေးပြေးမှ အမှတ် (၃) လမ်းမကြီးအတိုင်း ပြေးဆွဲမောင်းနှင်မည်ဖြစ်ပြီး (၆)ကွေ့- သုဓမ္မာလမ်း - ဝေဇယန္တာ လမ်း- ပါရမီလမ်း- ဘေလီထိပ်- သံသုမာလမ်း- စံပြဈေး- ပြည်ထောင်စု ခုံးကျော်တံတား - သံသုမာလမ်း (သုဝဏ္ဏ)- ကြက်ဘဲဈေး - သမိန်ဗရမ်းလမ်း - အထက်ပုဇွန် တောင်လမ်း- (၅၁)လမ်းထိပ် - ဗိုလ်တထောင် ဘုရားလမ်း၊ ကမ်းနားလမ်း - ကြည့်မြင်တိုင် ကမ်းနားလမ်း - ဘုရင့်နောင်လမ်း - ဘုရင့်နောင်လမ်းဆုံ- သမိုင်း ဘူတာရုံလမ်း- သမိုင်းလမ်းဆုံ- ကျိုက်ဝိုင်း ဘုရားလမ်း- (၈)မိုင် - ကမ္ဘာအေးဘုရားလမ်း- နဝဒေး အုတ်ပုံဆိပ် လမ်း- သုဓမ္မာလမ်း-(၆)ကွေ့- အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးတွင် ဂိတ်ဆုံးမည် ဖြစ်ကြောင်း လည်း နိုင်ငံပိုင်သတင်းစာများမှသိရသည်။

ယာဉ်စီးခမှာ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံ အထိငွေကျပ်ကျပ် ၅၀၀ ကောက်ခံပြီး သခင်မြ ပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးအထိ ငွေကျပ် ၅၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ခရီးစဉ် အစအဆုံး စုစုပေါင်း ငွေကျပ် ၁၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးမိုင် အရှည် ၃၅ မိုင်ရှည်လျားမည့် SCANIA မြို့ပတ်ယာဉ်လိုင်းတွင် စုစုပေါင်းယာဉ်အစီးရေ ၃၉ စီးဖြင့် ပြေးဆွဲပေးသွားမည်ဟုလည်း YRTA ရရှိသည့်အချက်အလက်များအရသိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် YBS ဘတ်စ်ကား စနစ်ကို ၂၀၁၇ ဇန်နဝါရီကစ၍ ကားစီးရေ ၃,၀၀၀ ခန့်ဖြင့် စတင် ပြောင်းလဲ ပြေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ယာဉ်လိုင်း ၁၀၀ နှင့် ဘတ်စ်ကားစီးရေ ၆,၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ ဘတ်စ်ကားစီးရေ ၆,၅၀၀ ကျော်တွင် ကားအသစ် ၂,၇၀၀ ကျော် ပါဝင်လာပြီး ဆက်လက်၍ ကားအသစ်များ အ စားထိုးထည့်သွင်းပြေးဆွဲရန်ရှိနေကြာင်းလည်း YRTA မှပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် YBS ယာဉ်လိုင်းပေါင်း ၁ဝဝကျော်  မှ ယာဉ်လမ်းကြောင်း ၁၂၃ ကြောင်းဖြင့် တစ်နေ့ယာဉ်အစီးရေ ၄၃၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈သန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း YRTA မှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly