ရခိုင်ပြည်နယ်ထုတ်ဆားများ နည်းပညာ မမြှင့်တင်နိုင်သေး၍ အရည်သွေးနိမ့်ကာ စျေးကွက်မဝင်ဖြစ်နေ

ရခိုင်ပြည်နယ်ထုတ်ဆားများ နည်းပညာ မမြှင့်တင်နိုင်သေး၍ အရည်သွေးနိမ့်ကာ စျေးကွက်မဝင်ဖြစ်နေ
ရခိုင်ပြည်နယ် စစ်တွေမြို့မှ စက်ရုပ်တစ်ခုတွင် ဆားပက်ကင်ထုပ်နေကြသူအချို့ (ဓာတ်ပုံ - အောင်အောင်ထူး)

စစ်တွေ၊ မေ ၁၆  ။          ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နည်းပညာများကိုသာ အသုံးပြုနေရပြီး လက်ရှိအချိန်ထိ နည်းပညာ မမြှင့်တင်နိုင်သေးသည့်အတွက် ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့် ဆားများမှာ အရည်အသွေးနိမ့်ကျနေပြီး စျေးကွက် မဝင်နိုင် ဖြစ်နေသည်။

လက်ရှိထုတ်လုပ်နေသည့် ဆားမှာ ရွံ့ပါဝင်မှုများပြားနေ၍လည်း ကျေးလက်နေပြည်သူ အနည်းငယ်ကသာ အသုံးပြုနေကြပြီး ဒေသခံအများစုက နိုင်ငံခြားမှ ဝင်လာသည့် အရည်အသွေးမီ ဆားများကိုသာ အကြိုက်တွေ့၊ အသုံးပြုနေကြခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဆားလုပ်ငန်းလုပ်ကိုင်သူများ၏ အဆိုပါ အခက်အခဲများကို အစိုးရက ပါဝင်ကူညီဖြေရှင်းပေးရန်မှာ တောင်သူများ၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်လာသည်။

"ပြည်သူလူထုက အဆင့်မီတဲ့ ဖြူဖွေးတဲ့ဆားတွေကို လိုချင်နေတယ်။ ကျွန်တော်တို့က မည်းတဲ့ဆားကို ထုတ်လုပ်နေတယ်။  ဒါကနေပြီးတော့ ကျွန်တော်တို့ နောက်ဆုံး အတိုင်းအတာတစ်ခုအထိပေါ့ ၅ နှစ်၊ ၁၀ နှစ်အတွင်းမှာ နောက်တမျိုးပြန်ပြောင်းလဲသွားဦး။ ဒီထက် ပြန်အောက်ကို ကျဦးမှာ။ အဲဒီတော့ တခြားနိုင်ငံက ထုတ်တဲ့ပုံစံမျိုး ကျွန်တော်တို့ ထုတ်လို့ရအောင် ပြည်သူလူထုနဲ့ အစိုးရတွေနဲ့ တွေ့ပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ကျွန်တော်တို့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်ပါတယ်။"ဟု ဆားလုပ်ငန်းရှင်တစ်ဦးလည်းဖြစ် ၊ ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။

ထိုသို့ဆားကို အရည်အသွေးမီအောင် ပြုလုပ်နိုင်လျှင် ဆားလုပ်ငန်းလုပ်ကိုင်သူ တောင်သူများလည်း အဆင်ပြေလာနိုင်မည် ဖြစ်သည်။

ဆားကြမ်းကို တပိုင်တနိုင်လုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့်လည်း အဓိကကုန်ကြမ်းဖြစ်သည့် မြစ်ငံရေ နှင့် မြေနေရာ ရှိကြသော်လည်း အလုပ်သမားငှားရမ်းရန်နှင့် လိုအပ်သည်များကို ဝယ်ရန် ငွေကြေးအခက်ခဲများ ကြုံနေကြရသည်။

ဆားကြမ်းထုတ်၍ ဆားချောအဖြစ်ပြောင်းလဲရန် စက်ရုံသို့ ပို့ဆောင် ရောင်းချရာ တစ်ပိဿာကို ငွေကြေး တစ်ရာခန့်သာ ရကြသည်။ သို့သော် ရင်းနှီးမြှပ်နှံထားသည့် အခကြေးမှာမူ ရရှိသည့်ငွေကြေးထက် ပိုကြီးနေကြောင်း တပိုင်တနိုင်ဆားလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ တပိုင်တနိုင်ဆားလုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းအေးက ၎င်းတို့ကြုံကြရ သည့် အခက်အခဲများနှင့်ပတ်သက်ပြီး "အဓိက လျပ်စစ်မီးအဆင်ပြေရင်တော့ ကောင်းမယ်။ အကြီးကျယ်ဆုံး အခက်အခဲကတော့ စက်နဲ့မောင်းနေရတဲ့ အချိန်မှာ စက်တလုံးက ဆီ ၃ ဂါလံလောက် စားတယ်။ ဒီတော့ ဆီဖိုးမှာ အများကြီးကုန်တာပေါ့။ ပြီးတော့ ဝန်ထမ်းစရိတ်တွေကလည်း နည်းနည်းများတယ်။" ဟု ဆိုသည်။

၎င်းကဆက်လက်၍ "ဆားစျေးက ဟိုတစ်နှစ်ကဆိုရင် တစ်ပိဿာကို တစ်ရာရတယ်။ စစ်တွေကို လာလို့ရှိရင် သယ်ယူခစရိတ် ၂၀၊ ကွင်းလုပ်ခ ၅၀ လောက်ပေါက်တယ်။ အဲဒီကွင်းမှာ ဝန်ထမ်းတွေလုပ်ဖို့အတွက်လည်း ငွေ ၁၀၊ ၂၀ လောက်ပေါက်တယ်။ အကုန်လုံးစရိတ်ဟာ ငွေ ၁၀၀ လောက်ပေါက်တယ်။ တကယ်လို့ ဆားကြမ်းတွေကို ငွေ ၁၀၀ ပဲ ပေးမယ်ဆိုရင် အစ်ကိုတို့အတွက် အမြတ် မကျန်ဘူး။"ဟု ပြောသည်။

၂၀၁၄ ခုနှစ် မတိုင်မီက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းမှ ထွက်ရှိသည့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခွင့်ရခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အစိုးရက တင်ပို့ခွင့် ကန့်သတ်ထားသည်။

ယခင်က အဆိုပါနိုင်ငံမှ သင်ယူခဲ့သည့် နည်းလမ်းဖြင့် ဆားချောလုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ တင်ပို့ခွင့် ပိတ်ပင်ခဲ့သည့်နောက်ပိုင်းမှာ နည်းပညာသင်ယူခွင့်မှာလည်း ဆုံးရှုံးသွား၍ ယခုလို အခက်ခဲနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်းလည်း ဆားချောထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ချို့က ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly