ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမည်နဲ့ တွစ်တာအကောင့် ပိတ်သိမ်းခံရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမည်နဲ့ တွစ်တာအကောင့် ပိတ်သိမ်းခံရ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Photo: EPA)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တွစ်တာအကောင့် ပိတ်သိမ်းခံရကြောင်း South China Morning Post သတင်းက မေ ၁၆ ရက်မှာ ဖော်ပြပါတယ်။

လူမှုမီဒီယာ ပလက်ဖောင်းကို အမုန်းတရားဖြန့်ဝေဖို့ အသုံးချတယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တိုင်ကြားချက်တွေ ရှိလာပြီးနောက်မှာ ခုလို ပိတ်သိမ်းခံရတာလို့ သတင်းက ဆိုပါတယ်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ @sgminaunghlaing ဆိုတဲ့ တွစ်တာ အကောင့်ကို ခုသီတင်းပတ်မှာပဲ Offline အလုပ်ခံရတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာအကောင့်ကို ခုလို ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နာမည်ကြီး ဘင်္ဂါလီအရေး(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) တက်ကြွလှုပ်ရှားသူ ဦးထွန်းခင်က ဘင်္ဂါလီတွေရဲ့အောင်ပွဲအဖြစ် ပြောဆိုခဲ့ပါတယ်။

လူမျိုးရေးဆန့်ကျင်တဲ့ ၀ါဒဖြန့်မှုတွေကို လူမှုမီဒီယာကို အသုံးချပြီး လုပ်ကိုင်ဆောင်ရွက်တယ်လို့ စွပ်စွဲခံရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်အကောင့်ကိုလည်း ၂၀၁၈ သြဂုတ်လအတွင်းမှာ ဖေ့ဘွတ်ခ်က ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားစွဲဆိုဖို့ ကုလသမဂ္ဂက တောင်းဆိုပြီးနောက်မှာ  ဖေ့ဘွတ်က ပိတ်သိမ်းခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူမှုမီဒီယာမှာ အဆိုပါသူတွေကို မြန်မာနိုင်ငံသားဆိုတာထက် ရွှေ့ပြောင်း ဝင်ရောက်သူတွေလို့ ဆိုလိုပြီး ဘင်္ဂါလီလို့ပဲ ရည်ညွန်းသုံးစွဲခဲ့တယ်လို့ ဖေ့ဘွတ်က ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူမျိုးသုဉ်း သတ်ဖြတ်ခြင်း မရှိဘဲ စစ်သွေးကြွတွေကိုပဲ စစ်တပ်က ပစ်မှတ်ထားခဲ့တာလို့ အတည်ပြု ပြောကြားထားပါတယ်။

ဆီလီကွန်ဗီလေးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တွစ်တာအမှူဆောင်တွေနဲ့ Burmese Rohingya Organization UK ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းခင်တို့ တွေ့ဆုံကြရာမှာ ဦးထွန်းခင်က ဘာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာအကောင့် ဆက်ရှိနေရသလဲဆိုတာကို တွစ်တာအမှူဆောင်တွေကို မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွစ်တာအကောင့်ဟာ အသုံးမပြုတော့တာ တစ်နှစ်လောက် ရှိပေမယ့် ခုလို ပိတ်သိမ််းခံရတာဟာ ဘင်္ဂါလီတွေအတွက် အောင်ပွဲတစ်ရပ်အဖြစ် ဦးထွန်းခင်က ချီးမွှမ်းပြောဆိုပါတယ်။

ဒီအကောင့်မှာ တပ်မတော်ဆိုင်ရာသတင်းတွေတင်တဲ့ တရားဝင်အကောင့်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly