မြိတ်တွင် မီတာတစ်ယူနစ်လျှင် ၂၆၀ ကျပ်ဖြင့် မဖြန့်ဖြူးပေးနိုင်ခြင်း အပေါ် ပြည်သူများ ဝေဖန်

မြိတ်တွင် မီတာတစ်ယူနစ်လျှင် ၂၆၀ ကျပ်ဖြင့် မဖြန့်ဖြူးပေးနိုင်ခြင်း အပေါ် ပြည်သူများ ဝေဖန်

မြိတ်၊ မေ (၁၆) ။          ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း မြို့နယ်အလိုက် လျှပ်စစ်မီးကို မီတာတစ်ယူ နစ် လျှင် ၂၆၀ ကျပ်ဖြင့် မဖြန့်ဖြူးပေးနိုင်ခြင်း အပေါ် ပြည်သူများက ဝေဖန်လျက်ရှိနေကြပါတယ်။

အဆိုပါဒေသတွင်းက ပြည်သူများဟာ လျှပ်စစ်မီးကို စျေးနှုန်းမြင့်မားစွာ သုံးစွဲနေရတဲ့အတွက် ယခုနှစ် မေလ ၁ရက်က စတင်ပြီး တစ်ယူနစ်လျှင် HFO စနစ်ဖြင့် ၂၆ဝကျပ်ဖြင့် ဖြန့်ဖြူးပေးမယ်လို့ မြိတ်အများပိုင်ကုမ္ပဏီက ဆိုထားပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဆိုပါစျေးနှုန်အတိုင်း ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသေးပါဘူး။

“ကျွန်တော်တို့ မီးလင်းရေး ၉ ဖွဲ့က အများသဘောတူ အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက အများပိုင်ကို လွှဲပြောင်း ပေးပြီးသား ဖြစ်ပါတယ်။ သူတို့ကလည်း ယခင်က ကျွန်တော်တို့ ဖြန့်ဝေပေးနေတဲ့ စျေးနှုန်းထက် သက်သာ အောင် ဖြန့်ဖြူးပေးမယ် ဆိုတာကြောင့် လွှဲပြောင်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခုက အဲ့ဒီ သဘောတူညီ ချက်ကို အစိုးရက ခွင့်မပြုဘူးဆိုတဲ့ အချက်နဲ့ အခု ဆိုရင် ၃၈၀ ကျပ်နဲ့ ဖြန့်ဖြူးပေးနေတာပါ”ဟု မြိတ်မြို့၊ ထားဝယ်စု ယခင် မီးလင်းရေး အဖွဲ့မှ ဦးစိုးသန့်က ပြောပါတယ်။

မြိတ်မြို့ပေါ်ရှိ လျှပ်စစ်မီးလင်းရေး ၉ ဖွဲ့နှင့် မြိတ်အများပိုင် မီးလင်းရေးကုမ္ပဏီတို့ ညှိနှိုင်းသဘောတူညီချက် အရ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မေလ ၁ ရက်နေ့မှာ မီတာတစ်ယူနစ်လျှင် ၂၆၀ ကျပ်ဖြင့် လျှပ်စစ် မီးကို စတင်ဖြန့်ဖြူးပေးမယ်လို့ သဘောတူထားခြင်း ဖြစ်ပါတယ်။

 “ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကျွန်တော်တို့ ရပ်နား လိုက်တဲ့ မီးလင်းရေး ၉ ဖွဲ့ကို အများပိုင်က ပြန်ခေါ်တွေ့ပါတယ်။ သူတို့ HFO နဲ့ မပေးနိုင်ဘူး ဆိုတဲ့ သတင်းကို အသိပေး ခဲ့တာ ဖြစ်တယ်”လို့ ဦးစိုးသန့်က ထပ်လောင်း ပြောဆိုသည်။

လက်ရှိမှာ မြိတ်အများပိုင်ကုမ္ပဏီရဲ့ မြိတ်စိမ်းလန်း စွမ်းအင် ကုမ္ပဏီ လီမိတက်က HFO လောင်စာ စနစ်နဲ့ မေလ ၁ ရက်နေ့မှာ စတင် ဖြန့်ဖြူးပေးနိုင်ဖို့ စီစဉ်ထားသော်လည်း တိုင်းအစိုးရက ခွင့်မပြုလို့ဟု ဆိုပြီး ဒီဇယ် ဆီနဲ့ ဆက်လက်မီးပေးနေရတဲ့အတွက် မီတာတစ်ယူနစ်ကို  ၃၈၀ ကျပ်နဲ့ ဖြန့်ဖြူးပေးနေတာကြောင့် မြို့ခံများ အကြား ဝေဖန်မှုတွေ မြင့်တက်နေခြင်း ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ပြောချင်တာက လက်ရှိ တာဝန်ယူ လိုက်တဲ့ မီးလင်းကို ကတိပေး ထားတဲ့ အတိုင်း သတ်မှတ်လိုက်တဲ့ ကာလကို ရောက်ပြီဆိုတော့ ၂၆၀ ကျပ်နဲ့ပဲပေးစေချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခု ၃၈၀ နဲ့ ပေးနေတဲ့ အချိန်မှာ မီတာ ယူနစ်တွေ အများကြီး တက်နေတာ တွေ့ရတယ်”လို့ မြိတ်မြို့ခံ လျှပ််စစ်မီးသုံးစွဲသူ ပြည်သူ တစ်ဦး ဖြစ်သော ဦးမင်းသူက ပြောပါတယ်။

မြိတ်ဒေသတွင် စျေးနှုန်း သက်သာတဲ့ HFO စနစ်နဲ့ လျှပ်စစ်မီးကို ဖြန့်ဖြူး ပေးနိုင်ဖို့ အတွက် မြိတ်အများပိုင် ကုမ္ပဏီက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ၂၀၁၈ ခုနှစ်၊ အောင်တိုဘာလ ၂၆ ရက်နေ့မှာ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။  ဒါ့အပြင်  လျှပ်စစ်မီးထုတ်လုပ်ရေး အပိုင်းအတွက် ကိုးရီးယား နိုင်ငံက KHAN ကုမ္ပဏီနဲ့ မြိတ် အများပိုင်ကုမ္ပဏီ နဲ့ Golden Green Energy Company (GGE) တို့ ပူးပေါင်းထားတဲ့  မြိတ်စိမ်းလန်း စွမ်းအင် (Myeik Green Energy Power Generation and Distnbution) ကုမ္ပဏီတို့ လက်မှတ်ထိုး ထားခဲ့ပါ တယ်။

“အခုုက ကိုးရီယား KHAN ကုမ္ပဏီက ကျွန်တော်တို့ သဘောတူညီ ထားတဲ့ ကာလ အတွင်းမှာ သူတို့ဖက်က အချိန်မှီ မလုပ်ဆောင် နိုင်တော့ဘူးလို့ ပြောပါတယ်။ အဲ့ဒါ သူတို့ အကြောင်းပြချက်က ကျွန်တော်တို့ စုံစမ်း ကြည့်တဲ့ အခါကျတော့ HFO စနစ်ကို MIC ကနေပြီး ခွင့်ပြုမိန့် မရရှိတော့ဘူး ဆိုတဲ့ သတင်းကို သိခဲ့တယ်”ဟု မြိတ်စိမ်းလန်း စွမ်းအင်လျှပ်စစ်ကုမ္ပဏီမှ တာဝန်ခံ ဦးမျိုးအောင်က မြိတ်အခြေစိုက် သတင်းမီဒီယာများက မေးမြန်းစဉ် ပြန်လည် ဖြေကြားခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးသုံးစွဲမှုနဲ့ ပတ်သက်ပြီး လာမယ့် မေလ ၁၈ ရက်နေ့မှာ “ဒေသ အတွင်း လျှပ်စစ် ပြဿနာ ဆိုင်ရာ ဆွေးနွေးပွဲ” ကို ထားဝယ်မြို့၊ ဆိပ်ကမ်းသာ (၂) ခန်းမှာ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly