ခွေးလေခွေးလွင့်ရှင်းလင်းမှုအပေါ် တိုင်းအမတ်အချို့ အွန်လိုင်းတွင် ခြိမ်းခြောက်ခံနေရ

ခွေးလေခွေးလွင့်ရှင်းလင်းမှုအပေါ် တိုင်းအမတ်အချို့ အွန်လိုင်းတွင် ခြိမ်းခြောက်ခံနေရ
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန် ၊ မေ ၁၆ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ခွေးလေခွေးလွင့်များ ရှင်းလင်းမည့်ကိစ္စကြောင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဆဲဆိုခြိမ်းခြောက်ခံနေရမှုများ ရှိနေသည်။

သာကေတမြို့နယ်အတွင်း ခွေးကောင်ရေ ၂၀၀၀ ကျော်အား ရှင်းလင်းမည့်ကိစ္စရပ်နှင့်ပတ်သက်ပြီးလည်းကောင်း ၊ ကျောက်တံတားမြို့နယ်အတွင်း၌ ခွေးလေခွေးလွင့်များ ရှင်းလင်းသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီးလည်းကောင်း သက်ဆိုင်ရာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဆဲဆိုခြိမ်းခြောက်ခံနေရခြင်းလည်းဖြစ်သည်။

“အစ်မမြို့နယ်(သာကေတ)မှာ ခွေး ၂၅၀၀ ကျော် ရှိတယ်လေ။ ခွေးချစ်သူအဖွဲ့တွေက ဆေးထိုးမယ်၊ သင်းကွပ်မယ်၊ ပြီးရင် ဒီနေရာမှာ ပြန်ထားမယ်။ အဲ့လိုပြောတော့၊ ကျွန်မက တစ်ချို့တစ်ဝက်ကိုတော့ ဂေဟာကို ခေါ်သွားပါပြောလိုက်တယ်။ သူတို့က မခေါ်ဘူး၊ ဒီနေရာမှာပဲ ခွေးတွေကို ပြန်ထားမယ်ပြောတယ်။ အဲ့တော့ ပြည်သူတွေအကိုက်ခံရတာ လျော့သွားမှာမှ မဟုတ်တာ၊ အဲ့မှာနည်းနည်းစကားပြောရတာရှိတယ်” ဟု သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်သက်ထားနွယ်ဝင်း၏ လူမှုကွန်ရက်စာမျက်နှာအောက်တွင် အပြုသဘောမဆန်သည့် သဘောထားမှတ်ချက်များ ဝင်ရောက်ရေးသားခြင်းများ ရှိနေသလို စာပေးပို့ ခြိမ်းခြောက်ခြင်းများ ရှိခဲ့သည်ဟု ဒေါ်သက်ထားနွယ်ဝင်းက ဆိုသည်။

သာကေတလွှတ်တော်ကိုယ်စားလှယ်နည်းတူ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ပြောဆိုရေးသားမှုများနှင့် ကြုံတွေ့နေရသည်။

ကျောက်တံတားမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များအား အဆိပ်ချသတ်ဖြတ်ရန် ဒေါ်ကြည်ပြာမှ စည်ပင်ဝန်ထမ်းများအား ခိုင်းစေခဲ့ကြောင်း တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေးကွန်ရက်အဖွဲ့မှ ကိုသန့်ဇင်က ရေးသားခဲ့ရာ ယင်းရေးသားမှုသည် တဘက်စောင်းနင်းရေးသားမှုသာဖြစ်သည်ဟု ဒေါ်ကြည်ပြာက ဆိုသည်။

“လက်ရှိကျွန်မမြို့နယ်မှာတော့ ပြည်သူတွေတိုင်ထားတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပြောပြထားတဲ့ ခွေးတွေဖမ်းပြီး ဂေဟာပို့ပေးဖို့ ဒုမြို့တော်ဝန် ကော်မတီဝင် ၁၀ တို့နဲ့ ဆွေးနွေးပြီးဆောင်ရွက်နေပါတယ်” ဟု ဒေါ်ကြည်ပြာကပြောသည်။

လေလွင့်ခွေး ရှင်းလင်းမည့်ကိစ္စနှင့် ပတ်သက်ပြီး တိရိစ္ဆာန်ချစ်သူများဘက်မှ ခွေးများအား အဆိပ်ချရှင်းလင်းမည့်အစီအစဉ် ကို လက်မခံဘဲ ခွေးများအား သင်းကွပ်ခြင်း ၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်ရန် အစိုးရကို တိုက်တွန်းပြောဆိုထားသည်။

သို့သော်လည်း ယင်းအစီအစဉ်ကြောင့် ခွေးကိုက်ခံရမည့် အန္တရာယ် လျော့နည်းသွားမည်မဟုတ်ခြင်းကြောင့် ခွေးများအား အပြီးတိုင် ရှင်းလင်းပေးရန် ရပ်ကွက်တွင်းနေထိုင်သူများက တောင်းဆိုထားသည်။

မတ် ၃၁ ရက်နေ့တွင် ကျင်းပသည့် စည်ပင်သာယာရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဒုတိယမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဦးစိုးလွင်က လေလွင့်ခွေးတွေကို အဆိပ်ချ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် စည်ပင်ဝန်ထမ်းများကို ညွှန်ကြားထားသည်ဟု သူ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။

လှိုင်မြို့နယ်ရှိ ခွေးအကောင် ၇၅၀ ကို သင်းကွပ်ခြင်း၊ သားကြောဖြတ်ခြင်း နှင့် ခွေးရူးပြန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် ဒုတိယမြို့တော်ဝန်အနေဖြင့် သာကေတမြို့နယ်အား စီမံချက်၏ ဒုတိယခြေလှမ်းအဖြစ် စတင်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော်လည်း ယင်းကိစ္စအား သာကေတမြို့နယ်အတွင်းရှိ ပြည်သူများက လက်မခံဘဲ ခွေးလေခွေးလွင့်များကို အပြီး ရှင်းလင်းရန်သာ လိုလားနေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံတွင် လေလွင့်ခွေးကောင်ရေပေါင်း ၃.၈ သန်း ကျော်ရှိပြီး ရန်ကုန်တမြို့လုံးမှာ ကောင်ရေ ၂ သိန်းနီးပါးခန့် ရှိနေကာ ၂၀၁၈အတွင်း၌ တစ်နိုင်ငံလုံးတွင် ခွေးကိုက်ခံရသူဦးရေ စုစုပေါင်း ၁၉၀,ဝဝဝကျော် ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တိရိစ္ဆာန်ချစ်သူများဘက်ကမူ “ တိရိစ္ဆာန် ချစ်ပါတယ်။ သတ်တာတွေကို မလိုလားပါဘူးဆိုတဲ့သူတွေက ဒီလိုမျိုးခြိမ်းခြောက်တာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါတွေက အကောင့်တုတွေနဲ့ တိရိစ္ဆာန်ချစ်တဲ့သူတွေဘက်ကို တမင်သက်သက် ချောက်ချခြင်းသာ ဖြစ်ပါတယ်လို့ ယူဆပါတယ်” ဟု အမေ့ရင်ခွင်လမ်းဘေးခွေးဂီလာနကယ်တင်ရေးဂေဟာမှ ဒေါ်ဝေဝေမိုးက ဆိုသည်။

ခွေးရူးပြန်ရောဂါသည် မြန်မာအပါအဝင် အာရှနိုင်ငံအချို့၌ အရေးကြီးသည့် ကျန်းမာရေးပြဿနာဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags