မြောက်ဦးတွင် လေဆင်နှာမောင်းတိုက်၍ စစ်ရှောင်စခန်းအချို့ ပျက်စီးပြီး အကူညီလိုအပ်နေ

မြောက်ဦးတွင် လေဆင်နှာမောင်းတိုက်၍ စစ်ရှောင်စခန်းအချို့ ပျက်စီးပြီး အကူညီလိုအပ်နေ
စင်းဘောကိုင်းကျေးရွာမှ ပျက်စီးသွားသည့့်စစ်ရှောင်တဲအိမ်အချို့ (ဓာတ်ပုံ-မနီလာသန်း )

စစ်တွေ၊ မေ ၁၆ ။         ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊စင်းဘောကိုင်းကျေးရွာအနီးရှိ ရခိုင်စစ်ဘေးရှောင်စခန်းအနီးတဝိုက်တွင် မေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် စစ်ရှောင်တဲအိမ် ၃၆ ခုမှာ လုံးဝပျက်စီးသွားပြီး အရေးပေါ်အကူညီများ လိုအပ်နေကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

စခန်းတာဝန်ခံ ဦးမောင်ဖြူက"၃၆ ဆောင်က လုံးဝပျက်စီးသွားပါတယ်။ ဒီနေ့မှပဲ ပြန်ဆောက်ရမယ်။ မနေ့က သူတို့ကတော့ တခြားတဲတွေမှာ မှီခိုလို့ နေကြတယ်။ လေဆင်နှာမောင်းတိုက်တာမှာ လူတစ်ယောက်နဲ့ တစ်ယောက်ကိုတောင် လုံးဝ မမြင်လိုက်ရတော့ဘူး။ အဲလောက်ထိ အခြေနေဆိုးဝါးသွားတယ်။ ကျွန်တော်တို့က လွင်ပြင်မှာ၊ ကားလမ်းစပ်မှာ နေရတာကြောင့် လေက တော်တော်ပြင်းထန်တယ်။ ရွာထဲမှာကြတော့ တောကွယ်နေတေယ်လေ။ ကျွန်တော်တို့မှာကြတော့ အကာအကွယ်မရှိတဲ့ သဘောဖြစ်ပါတယ်။ "ဟု ပြောသည်။

ပျက်စီးသွားသည့် တဲအိမ်များမှ မိသားစုများမှာ တစ်ခြားတဲအိမ်များတွင် စုပေါင်း ခိုလှုံနေထိုင်နေကြရပြီး ပြန်လည် တည်ဆောက်ရန်အတွက် ဝါး အပါအဝင်  အမိုးအကာများ အရေးတကြီးလိုအပ်လျှက် ရှိနေသည်။

"အကူအညီလိုတာက အမိုးအကာပါ။ လတ်တလော ကိုင်တွယ်လုပ်ရမယ့်ဟာက ဝါးပေါ့။  စားနပ်ရိက္ခာကတော့ ဒီမှာ ပုံမှန်ဆို ငတ်နေတဲ့ အတိုင်းအတာလိုပဲ။ စားသောက်လို့ အဆင်ပြေပါတယ်။" ဟုလည်း ၎င်းက ဆိုသည်။

စစ်ရှောင် ၂ ထောင်ကျော်ရှိသည့် စင်းဘောကိုင်းစစ်ရှောင်ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ရက္ခိုင့်တပ် အေအေနှင့် တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ဘုရားကြီး၊ မြိုရွာဟောင်း၊ စာပေါင်၊ မြိုရွာသစ်၊ ခြိတ်ချောင်းကျေးရွာများအပါအဝင်  ကျေးရွာ ၈ ခုမှ ရွာသားများ နေထိုင်ကြခြင်း ဖြစ်သည်။

မေ ၁၅ ရက်နေ့က တိုက်ခတ်သွားသည့် အဆိုပါ လေပြင်းတွင် ယင်း စစ်ရှောင်စခန်းအပါအဝင် တချို့ကျေးရွာများတွင်လည်း အနည်းငယ် ပျက်စီးထိခိုက်မှု ရှိခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required