စဉ့်ကူးမြို့နယ်ရှိ စွန့်လွှတ်မြေများ ပြန်ရရန် တောင်သူများ တောင်းဆို

စဉ့်ကူးမြို့နယ်ရှိ စွန့်လွှတ်မြေများ ပြန်ရရန် တောင်သူများ တောင်းဆို
(ဓာတ်ပုံ၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

မန္တလေး၊ မေ ၁၅ ။           ။ စွန့်လွတ်မြေများ အပြည့်အဝ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာရှိ ဒေသခံတောင်သူများက မေလ ၁၅ ရက်၊နံနက် ၁၁နာရီတွင် စဉ့်ကူးမြို့၌ ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ဝန်ကြီးဌာနအသီးသီးမှ သိမ်းယူထားခဲ့သည့် လယ်ယာမြေများအနက် လယ်ယာ မြေဧက ၄၅၅၃ . ၆၀ ဧကကို နိုင်ငံတော် အစိုးရမှ ၂၀၁ရခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် ပြန်လည် စွန့်ပေး ခဲ့သော်လည်း စဉ့်ကူမြို့နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ မှ ယနေ့တိုင် မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်း မရှိသေးသောကြောင့် ဆန္ဒပြ တောင်းဆို ရခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုစောမြင့်လွင်ကဆိုသည်။

"မြို့နယ် လယ်/ပြန်စစ်က မပေးသေးဘူး။မူလတောင်သူတွေကို မူလသိမ်းဆည်းခဲ့စဉ်က အတိုင်းပဲ ပြန်ပေး ရမယ်။ မြေသိမ်းခံရတာအားလုံး ပုံစံ ၃ လျှောက်ထားခွင့်ပေးရမယ်။ နိုင်ငံတော်က စွန့်လွတ်ပေးတာကို အခုချိန်အထိ မရသေးဘူး။ ကျွန်တော်တို့ကတော့ ပြန်လည်မရမချင်းတောင်းဆိုသွားမှာပဲ။ဒီလို အောက်ခြေမှာ ဖြစ်နေတာကို အထက်ဆင့်ဆင့်သိဖို့အတွက် ဆက်တိုက်လုပ်သွားမယ်။"ဟု ဦးစောမြင့်လွင်ကပြောသည်။

ပြန်လည်စွန့်လွတ်သည့်မြေ မရရှိသေးသည့် စဉ့်ကူးမြို့နယ်အတွင်းရှိ ပတ်လည်အင်း၊ မကွေ့တရာ၊ တရော်ပင်၊ ကျောက်ခွက် ၊ရေထွက်ကြီး ကျေးရွာတို့မှ ဒေသခံတောင်သူ ၃၅၀ ကျော်က ဆန္ဒဖော်ထုတ် တောင်းဆိုကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်တောင်းဆိုသူများသည် စဉ့်ကူးမြို့အတွင်း ချီတက်၍ ''တရားဥပဒေစိုးမိုးရေး (ဒို့အရေး၊ဒို့အရေး) ၊ လယ်ယာမြေပြဿနာ မမှန်မကန် ဖြေရှင်းနေခြင်းများ( ချက်ခြင်းရပ်၊ချက်ခြင်းရပ်) ၊ မြေသိမ်းခံရမှု တောင်သူ များနစ်နာမှုမရှိစေရေး( ဆောင်ရွက်ပေး ဆောင်ရွက်ပေး) ဟု ကြွေးကြော်ခဲ့ကြသည်။

စွန့်လွတ်ပေးထားသည့်မြေများ ပြန်လည်မစွန့်လွှတ်သေးခြင်းနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ယူ ဖြေကြားပေးမည်သူမရှိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required