မေ ၁၅ ။ ။ အမေရိကန်နဲ့အကြား ဘယ်လို စစ်ပွဲမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ အီရန်ရဲ့အဆင့်မြင့်ဆုံးသော ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက တီဟီရန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ တင်းမာမှုတွေ မြင့်တက်လာနေသော်လည်း အမေရိကန်နဲ့အကြား စစ်ဖြစ်ဖို့ အီရန်ဘက်က ကြိုးပမ်းသွားမှာ မဟုတ်ကြောင်း ခါမေနီက မေလ ၁၄ ရက်မှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တီဟီရန် အနေနဲ့ နောက်ထပ် နျူကလီးယား သဘောတူညီချက်တစ်ခုအတွက် အမေရိကန်နဲ့အကြား စေ့စပ်ညှိနှိုင်းသွားမှာ မဟုတ်ကြောင်းလည်း ခါမေနီက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ အီရန်နဲ့ နျူကလီးယားစွမ်း စွမ်းရည်များနှင့် ယင်း၏ ဒုံးကျည် ပရိုဂရမ်များနှင့် စပ်လျင်းလို့ နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
“ ဘယ်လို စစ်ပွဲမှ ဖြစ်မှာ မဟုတ်ပါဘူး၊ အီရန် နိုင်ငံအနေနဲ့ သည်းခံမှု လမ်းကြောင်းကို ရွေးထားပါတယ်၊ ကျွန်တော်တို့ကတော့ စစ်ပွဲတစ်ခု ဖြစ်ဖို့ ကြိုးစားနေခြင်း မရှိပါဘူး၊ သူတို့ဘက်ကလည်း ထိုနည်းလည်းကောင်းပါပဲ၊ ဒါက သူတို့ရဲ့ အကျိုးတရားထဲမှာ မပါဘူးဆိုတာ သူတို့လည်း သိကြပါတယ်” လို့ ခါမေနီက ပြောသွားခဲ့ပါတယ်။