နေပြည်တော် စိမ်းလန်းစိုပြည်ရေး တစ်လလျှင် ကျပ်သန်း၂၀၀ နီးပါး သုံးစွဲဆောင်ရွက်နေ

နေပြည်တော် စိမ်းလန်းစိုပြည်ရေး တစ်လလျှင် ကျပ်သန်း၂၀၀ နီးပါး သုံးစွဲဆောင်ရွက်နေ

နေပြည်တော်၊ မေ ၁၅ ။             ။ နေပြည်တော်တစ်မြို့လုံး  စိမ်းလန်းစိုပြည်ရေးအတွက် တစ်လလျှင် ကျပ်သန်း၂၀၀ နီးပါး သုံးစွဲဆောင်ရွက်နေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

 “ပျမ်းမျှဆိုရင်တော့ ကုမ္ပဏီအပိုင်းတွေကတော့ မတူဘူးပေါ့နော်။ ပေအရှည်၊ မိုင်တွေ မတူတဲ့ အတွက် နှုန်းတွေကတော့ တူမှာမဟုတ်ဘူး။ ကျွန်တော်တို့က တစ်လလုံးမှာ သုံးတာသည် တစ်မြို့လုံးပေါ့နော်။ တစ်မြို့လုံးမှာ သန်း၂၀၀ ပတ်ဝန်းကျင်လောက် သုံးတယ်။ ဒါကိုတော့ ကျွန်တော်တို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။” ဟု ၄င်းကပြောသည်။

 မေ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

 ဝန်ကြီးဌာနများသွားရာလမ်းတစ်လျှောက်ရှိ အပင်များ၊ အဝိုင်းများပေါ်ရှိ ပန်းအလှပင်များ၊ လမ်းဘေးဝဲယာတလျှောက်၊ လမ်းလယ်ကျွန်းမှ အပင်များကို ကုမ္ပဏီ ၁၀ ခုအား  အပိုင်းအလိုက် ၊ အပင်အရေအတွက်အလိုက် ခွဲခြားပေးကာ နေ့စဉ် ရေလောင်းပေါင်းသင် လုပ်ကိုင်နေခြင်းဖြစ်သည်။

 နှစ်ရှည်ပင်၊ နှစ်တိုပင်အလိုက် ရေလောင်းပေါင်းသင် လုပ်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပေးချေရသည့် စျေးနှုန်းများလည်း မတူညီကြောင်း သိရသည်။

 “ကျွန်တော်တို့က နှစ်ရှည်ပင် တစ်ပင်ကို ဘယ်လောက်နှုန်း၊ မြက်ခင်းဆိုရင် Square Feet  ပေနှုန်းက ဘယ်လောက်၊ နောက်တစ်ခါ နှစ်တိုပင်တွေ Bush Type ဆိုရင် အပင်တစ်ပင်ကို ဘယ်လောက်နှုန်း ။ အဲ့ဒီမှာ ရေလောင်းတာက ဘယ်လောက်၊ ပျိုးထောင်တယ်ဆိုရင် မြေသြဇာ ထည့်တာတို့၊ ဘာတို့က ဘယ်လောက်။ အဲ့ဒီလိုနှုန်းတွေနဲ့ သွားတဲ့အတွက် သူတို့ တစ်လချင်းဆောင်ရွက်ပြီးတဲ့၊ လုပ်ငန်းစစ်ဆေးပြီးတဲ့အပေါ်မှာပဲ ပေးတဲ့ အတွက် ဘယ်လောက်ဆိုပြီး  သေချာပြောလို့မရဘဲနဲ့ လုပ်ငန်းပြီးစီးတဲ့အပေါ်မှာပဲ ကျွန်တော်တို့ ဆောင်ရွက်တဲ့အနေအထားမှာ ပေးချေရပါတယ်" ဟု ဦးမျိုးအောင်က ဆိုသည်။

နေပြည်တော်ကို သီရိ ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး အများအားဖြင့် ရာသီဥတု ပူပြင်း၍ အကျယ်အားဖြင့် စတုရန်းမိုင်ပေါင်း ၁၇၂၄.၂၅၆၇ စတုရန်းမိုင်  ကျယ်ဝန်းပြီး လူဦးရေ ၁၁ သိန်းသုံးထောင်ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly