ကျောက်မီးသွေးစက်ရုံ ကန့်ကွက်ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းနေစဉ် Live လွှင့်ခဲ့သည့်သတင်းထောက် ဖမ်းဆီးခံရ

ကျောက်မီးသွေးစက်ရုံ ကန့်ကွက်ဆန္ဒပြပွဲအား ရဲတပ်ဖွဲ့မှ ဖြိုခွင်းနေစဉ် Live လွှင့်ခဲ့သည့်သတင်းထောက် ဖမ်းဆီးခံရ
 ဓာတ်ပုံ - ဘိုဘို

မန္တလေး၊ မေ ၁၅ ။      ။ ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ တည်ဆောက်နေမှု ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွဲနေသည်ကို Live လွှင့်ခဲ့သည့်သတင်းထောက်တစ်ဦး မေ ၁၅ ရက်တွင် ဖမ်းဆီးခံလိုက်ရသည်။

ထိုသို့ ဖမ်းဆီးခံရစဉ် Channal Mandalay TV သတင်းထောက် နန္ဒ က သတင်းထောက်ဖြစ်ကြောင်း သတင်းထောက်ကဒ် ပြသပြောဆိုခဲ့သော်လည်း ဖမ်းဆီးခဲ့ကာ သတင်းထောက်နှင့်အတူ ဒေသခံ ၃ ဦးလည်း ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြနေသည့် ဒေသခံများကို ရဲတပ်ဖွဲ့မှ မေ ၁၅ ရက်၊နံနက် ၇ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲနေသည်ကို တိုက်ရိုက်ထုတ်လွှင့်နေစဉ် ဖမ်းဆီးခဲ့သည်။

"ဘယ်နှစ်ယောက် ဖမ်းထားတယ်။ သတင်းထောက် ပါတယ်၊ မပါဘူး ကျွန်တော် မသိဘူး။ ရဲတပ်ဖွဲ့က ဖမ်းရင်တော့ ပြစ်မှုတစ်ခုခု ကျူးလွန်လို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် မသိသေးပါဘူး" ဟု အဆိုပါနေရာတွင် လက်ရှိ လုံခြုံရေးယူထားသည့် အမှတ်(၃)လုံခြုံရေးရဲတပ်ရင်းမှ ရဲမှူးချုပ်ဝင်းဗိုလ်က ယနေ့ မွန်းလွဲပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ဖမ်းဆီးခံထားရသူ သတင်းထောက်နန္ဒ(တစ်ကိုယ်တော်)သည် အောင်သပြေကျေးရွာသို့ မေ ၁၄ ရက်တွင် ညအိပ်လာရောက် သတင်းရယူနေခြင်းဖြစ်ပြီး အောင်သပြေကျေးရွာနှင့်ကုမ္ပဏီကြား အငြင်းပွားနေမှုကို အချိန်နှင့်တပြေးညီ သတင်းတင်ဆက်ပေးလျှက်ရှိသည်ဟု Channal Mandalay TV အယ်ဒီတာချုပ် ဦးမင်းဒင်က ဆိုသည်။

"ကျွန်တော့သတင်းထောက်က အောင်သပြေကျေးရွာကို မနေ့ကတည်းကရောက်နေပြီး ပြည်သူလူထုသိအောင် သတင်းတွေ တင်ဆက်ပေးနေပါတယ်။အဲဒီမှာ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ဖြစ်ပွားမှုတွေ ရှိနိုင်တယ်ဆိုပြီးတော့၊ ညအိပ်ပြီးတော့ သူဟာ သတင်းတွေ တင်ဆက်ပေးနေပါတယ်။သူသည် သတင်းထောက်ဖြစ်တယ်။ အများပြည်သူ သိပိုင်ခွင့်အတွက် သတင်းတွေ တင်ဆက်ပေးခဲ့တယ်။သူ့ လုပ်ဆောင်ချက်တွေဟာ သတင်းမီဒီယာလုပ်ဆောင်ချက်တွေနဲ့အညီလုပ်ခဲ့တယ်။အခု သတင်းထောက်ကို ရွာသားတွေနဲ့ ရောအဖမ်းခံရတယ်။သူသည် သတင်းထောက်ဖြစ်ကြောင်း ကဒ်ပြပြီးရှင်းလင်းတယ်။သတင်းထောက်လည်း မရဘူးဆိုပြီးဖမ်းဆီးသွားတာဖြစ်တယ်။ လက်ရှိကတော့ တွေ့ခွင့် မရဘူး။မနက်ဖြန်မှာ မလွတ်ဘူးဆိုရင် တိုင်းရဲတပ်ဖွဲ့ကို တရားစွဲမယ်။ရဲတပ်ဖွဲ့မှူးကို စွဲမယ်၊ သတင်းထောက်ကို နစ်နာအောင်လုပ်တဲ့အတွက်။နောက်တစ်ခုက တိုင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ သတင်းထောက်လွတ်မြောက်ရေးအတွက် ဆန္ဒပြမယ်။"ဟု ၎င်း အယ်ဒီတာချုပ်က ပြောသည်။

ဖမ်းဆီးခံ သတင်းထောက်ကို ပုဒ်မ ၃၃၃၊ ပုဒ်မ ၄၅၃ နှင့်ပုဒ်မ ၁၁၄တို့ဖြင့် ပုသိမ်ကြီးမြို့နယ်  မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်ဟု ဦးမင်းဒင်ထံမှ သိရသည်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီနှင့်မန္တလေးအခြေစိုက်သတင်းသမားများကလည်း ဖမ်းဆီးခံသတင်းထောက်အမြန်ဆုံး လွှတ်ပေးရေးအတွက် ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည်။

အဆိုပါ ကျောက်မီးသွေးစက်ရုံကိစ္စ ဆန္ဒပြမှုသည် ထပ်မံဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁ရခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်တွင် စက်ရုံ တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးအချို့နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ တက်ရောက် ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင်စက်ရုံနှင့်ပတ်သက်ပြီး ဒေသခံများကန့်ကွက်နေသည့်ကြားမှ ဘက်လိုက်အကောင်အထည်ဖော် လုပ်ဆောင်နေသည့်အတွက်ဟုဆိုကာ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌတို့အား တားမြစ် အရေးယူပေးရန် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ မတ် ၁၁ ရက်တွင် ဒေသခံအချို့က လာရောက်တိုင်ကြားခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly