ဓာတ်အားပြတ်တောက်ချိန်တွင် မီးစက်ဖြင့် CNG ထည့်ပေးသော်လည်း အားမပြည့်သဖြင့် ယာဉ်များ ကြန့်ကြာနေ

ဓာတ်အားပြတ်တောက်ချိန်တွင် မီးစက်ဖြင့် CNG ထည့်ပေးသော်လည်း အားမပြည့်သဖြင့် ယာဉ်များ ကြန့်ကြာနေ
ဓာတ်ပုံ - NYEIN CHAN NAING /EPA

ရန်ကုန်၊ မေ ၁၅ ။        ။ ဓာတ်အားပြတ်တောက်ချိန်တွင် မီးစက်ဖြင့် CNG ထည့်ပေးသော်လည်း အားမပြည့်သဖြင့် ယာဉ်များ ကြန့်ကြာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောဆိုလိုက်သည်။

CNG ဆိုင်များတွင် ဂတ်စ်ထည့်သည့် စနစ်များ၊ ပန့်များမှာ လျှပ်စစ်ဖြင့်လည်ပတ်နေရခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ် အားပြတ်တောက်ပါက အရန်အနေဖြင့် ဂျန်နရေတာမီးစက်များနှိုး၍ ဂတ်စ်ထည့်ပေးသော်လည်း အစိုးရ လျှပ်စစ်မီးကဲ့သို့ မီးအားမပြည့်၍ အချိန်ပိုမိုကြန့်ကြာရသည်ဟုလည်း YRTA မှသိရသည်။

“ ကားတွေကို မီးပြတ်သွားပြီဆိုတာနဲ့ ဂျန်နရေတာမီးစက်တွေနှိုး ထည့်ပေမယ့် ထည့်ရတဲ့အချိန်က သူကပိုကြာသွားတယ်။ ကြာတော့ ကျွန်တော်တို့ စာရင်းကောက်တယ်။ တချို့ ၇ နာရီကျော်တန်းစီရတယ်။ ထည့်တာမိနစ် အစိတ်နဲ့ သုံးဆယ်ပဲကြာတယ်။ ကားများစွာရှိတဲ့အခါကျတော့ မိနစ် ၃၀ ဟာ လည်း နှစ်စီးရှိရင် တစ်နာရီဖြစ်မှာပဲ။ အဲ့လိုဟာတွေဖြစ်တဲ့အတွက် ဒီနေ့ကြန့်ကြာတာဖြစ်ပါတယ်” ဟု ဦးလှအောင်ကပြောသည်။

စွမ်းအင်ဝန်ကြီးဌာန (MOGE) ရန်ကုန်ရုံးလက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန မှဖွင့်လှစ်ထားသော CNG ဆိုင် ၄၁ ဆိုင်ရှိပြီး ယင်း အနက်မှ ၁၀ ဆိုင်ခန့်မှာ တက္ကစီများအတွက် ဖွင့်လှစ် ထားခြင်းသာဖြစ်သည်ဟုလည်း YRTA ရှိအချက်အလက်များအရသိရသည်။

ထို့ကြောင့် ကျန်ရှိနေသည့် ဆိုင် ၃၀ ခန့်ကို ၂၄ နာရီဖွင့်လှစ်ကာ CNG ရောင်းချပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေပြီး မီးအားပြည့်စေရန်လည်း နိုင်ငံခြားမှ မီးစက်များဝယ်ယူကာ တပ်ဆင်နေကြောင်း ဦးလှအောင်ကဆိုသည်။

သင်္ကြန်ကာလနှောက်ပိုင်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များကြောင့် အချို့ YBS ယာဉ်များမှာ ပြေးဆွဲ နိုင်ခြင်းမရှိဘဲ CNG ဆိုင်များတွင် နာရီပေါင်း များစွာကြာသည်အထိ တန်းစီနေရသည့် အခြေအနေလည်း ဖြစ်သည်။

ထို့အပြင် ဆိုင်များအသည် ၂၄ နာရီရောင်းချမှုမရှိခြင်း၊ လျှပ်စစ်မီးပြတ်တောက်သည့်အချိန်များတွင် ဓာတ်ငွေ့ရောင်းချမှုရပ်နားထားခြင်းနှင့်  ဂတ်စ်ဖြည့်ရာတွင် ဖိအားမှန်ကန်မှုမရှိခြင်းတို့ကြောင့် ယာဉ်များအနေဖြင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတွင် ဘတ်စ်ကားအစီးရေ ၆၆၀၀ ကျော်ရှိပြီး အများစုမှာ CNG စနစ်သုံးဘတ်စ် ကားများ ဖြစ်ကြောင်း ထို့အပြင် CNG အသုံးပြုသည့် တက္ကဆီယာဉ်များ လည်းရှိနေပြီး အဆိုပါကားအားလုံးမှာ ဓာတ်ငွေ့အရောင်းဆိုင် ၄၀ ခန့်တွင်တန်းစီဝယ်ယူနေရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly