စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်ကို ဘရိတ်ပေါက်ယာဉ်မှ ဝင်တိုက်ကာ ယာဉ်၆စီး ဆင့်တိုက်မှုဖြစ်ပွား

စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်ကို ဘရိတ်ပေါက်ယာဉ်မှ ဝင်တိုက်ကာ ယာဉ်၆စီး ဆင့်တိုက်မှုဖြစ်ပွား
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ မေလ ၁၅ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ ဘီအိုစီမှတ်တိုင်အနီးတွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်သည့် ယာဉ်တစ်စီးက ရပ်ထားသော စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်ကိုတိုက်မိပြီး ယာဉ် ၆ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အင်းစိန်မြို့နယ် အင်းစိန်လမ်းမကြီးအတိုင်း ဘီအိုစီဘက်မှ သမိုင်းလမ်းဆုံဘက်သို့ နေမင်းခိုင်(စိစစ်ဆဲ) မောင်းနှင်လာသော Hyundai YBS 21 ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲစတင် ဝင်တိုက် ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ မေလ ၁၄ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်ဆင့်တိုက်မှုမှာ မေလ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီ၊ မိနစ် ၅ဝ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်သည့် ယာဉ်မှာ ဘီအိုစီမှတ်တိုင်အရောက် လမ်း၏ယာဘက်ဘေးတွင် လားရာတူ ရပ်ထားသည့် စသရ(ရန်ကုန်) စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့မှ ရဲတပ်ဖွဲ့ပိုင် Townace ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ပိုင်ယာဉ်က ထိုသို့ အတိုက်ခံရမှုကြောင့် ၎င်းရှေ့တွင် ရပ်ထားသော Caldina ယာဉ်အား ထပ်မံဝင် တိုက်မိခဲ့ရာမှ ရှေ့တွင် ရှိနေသောယာဉ်များက အဆင့်ဆင့် ဝင်တိုက်ခဲ့ကာ ယာဉ် ၆ စီးအထိ ဆင့်တိုက်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် ပါရှိသော စသရ (ရန်ကုန်)မှ ရဲအုပ်သိန်းလှိုင်တွင် ယာလက်/ပေါင် ဖူးရောင်ဒဏ်ရာများ နှင့် ရဲတပ်ကြပ်ကြီး ယဉ်ထွေးပါ ရဲတပ်ဖွဲ့ဝင် ၅ ဦးတွင် နောက်စေ့/ယာနံဘေး နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် ယာဉ်မောင်းဖြစ်သူ နေမင်းခိုင်အား အင်းစိန်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉/ ၂၀၂ (ပေါ့လျော့မှုကြောင့်ပြင်းထန်/ သာမန် နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်းသိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly