မိုးတိမ်တောင်အန္တရာယ် တစ်နိုင်ငံလုံး သတိပြုရန်လို

မိုးတိမ်တောင်အန္တရာယ် တစ်နိုင်ငံလုံး သတိပြုရန်လို

 မေ ၁၄ ။     ။ မိုးကြိုးပစ်ခြင်းကို ဖြစ်ပေါ်စေတတ်သည့် မိုးတိမ်တောင်များ တစ်ပြည်လုံးတွင် ဖြစ်ထွန်းနိုင်သဖြင့် သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က နှိုးဆော်ထားသည်။

အထူးသဖြင့် ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အလားအလာ အများဆုံး ဖြစ်ပေါ်နိုင်ကြောင်း မေ ၁၄ ရက် ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။

မေ ၁၄ ရက် ညပိုင်း ၁၁ နာရီ ၁၈ မိနစ်ခန့်အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မြောက်ပိုင်းတို့အပေါ်တွင် အားကောင်းသည့် မိုးတိမ်တောင်များ ဖြစ်ထွန်းနေသည်။

မိုးတိမ်တောင်များသည်  မွန်းလွဲ ညနေပိုင်းအချိန် များတွင် အဖြစ်များတတ်ပြီး၊ မိုးတိမ်တောင်များဖြစ်ပေါ်သည့်အခါ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။

မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊နှင့် ကျန်ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။

နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly