အိမ်အကူဒေါ်ကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး မတရားစွပ်စွဲခံထားရဟု အိမ်ရှင်အမျိုးသမီးက ပြောဆို

အိမ်အကူဒေါ်ကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး မတရားစွပ်စွဲခံထားရဟု အိမ်ရှင်အမျိုးသမီးက ပြောဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၁၄ ။           ။ သေဆုံးခဲ့သည့် အိမ်အကူ ဒေါ်ကရင်မအမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော အိမ်ရှင်ဖြစ်သူ ဥပဒေဝန်ထမ်း အမျိုးသမီးက သူ့အနေဖြင့် မတရားစွပ်စွဲခံထားရခြင်း ဖြစ်ပြီး အမှန်တကယ် ကျူးလွန်ခဲ့ပါက သတ္တိရှိရှိဖြင့် ပြစ်ဒဏ်ခံလိုက်မည်ဟု ပြောဆိုခဲ့သည်။

မေလ ၁၄ ရက်နေ့၊ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ ဒေါ်သိင်္ဂီစုကို ရုံးထုတ်ခဲ့ပြီး တရားခွင်မှ အထွက်တွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" ကျွန်မက မတရားစွပ်စွဲခံထားရတာပါ။ ကျွန်မလည်း ဥပဒေဝန်ထမ်းတစ်ယောက်ပါ။ တကယ်လို့သာ ကျွန်မက ကျူးလွန်ခဲ့တယ်ဆိုရင် ကျွန်မ အဲ့ဒီလောက်မကြာဘူး။ ကျွန်မ သတ္တိလည်းရှိတယ်။ ခံလိုက်မှာ။ ဒါပေမယ့် ကျွန်မ မကျူးလွန်ခဲ့ဘဲနဲ့ မတရားခံနေရတဲ့အတွက်မို့ ကျွန်မ မခံနိုင်ဘူးလို့၊ ကျွန်မမှာလည်း သားသမီးလေးတွေရှိတယ်။ အဲ့ဒါကြောင့်မို့ သတင်းကိုလေ ဘယ်သူ့ဘက်ကမှ ပြောတဲ့ သတင်းကို မယူဘဲနဲ့ ဒီတရားရုံးကနေ စုံးစမ်းမေးမြန်း ပြီးတော့ ပြည်သူသိအောင်တင်ပေးပါလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်"ဟု ဒေါ်သိင်္ဂီစုက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ဒေါ်ကရင်မ(သေဆုံးသူ)၏ မိခင် ဒေါ်လှလှဝင်းက အမှုရုပ်သိမ်းလွှာကို ရန်ကုန်တောင်ပိုင်းခရိုင် ဥပဒေရုံးသို့ တင်ထားခဲ့ပြီး မေ ၁၄ ရက်နေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ဒေါ်လှလှဝင်း ခရီးလွန်နေသည်ဆိုသောကြောင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိပေ။

အမှုရုပ်သိမ်းလွှာနှင့်ပတ်သက်၍ " ဒီဥစ္စာနဲ့ ပတ်သက်လို့လည်း တရားရုံးက အမိန့်တစ်စုံတစ်ရာ ချရဦးမှာ။ အမှုက ပြတ်လည်း မပြတ်သေးဘူး။ တရားခံလည်း မစစ်ရသေးဘူး။ အဲ့ဒီတော့ နည်းနည်းလည်း သတိရအောင်က အောင်ရဲထွေးအမှုနဲ့ အလား သဏ္ဍာန်တူနေတယ်။ ဒါပေမယ့် တရားရုံးက မဆုံးဖြတ်ရသေးဘူးလေ။ အလားသဏ္ဍာန်တူတယ်ဆိုတာက ရုပ်သိမ်းလွှာတင်ပုံတင်နည်းလေးက အဲ့ဒီလိုမျိုးလေး တူတယ်ဆိုတာလေကို ဥပဒေပေးတာပါ။ အောင်ရဲထွေး အမှုလိုမျိုးတော့ အဆုံးသတ်မှာ မဟုတ်ပါဘူး "ဟု သေဆုံးသူ ဒေါ်ကရင်မ မိသားစုဘက်မှ လိုက်ပါဆောင် ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောသည်။

သို့သော် အဆိုပါ အမှုရုပ်သိမ်းလွှာမှာ ခရိုင်ဥပဒေရုံးသို့ တင်ထားခြင်းသာဖြစ်ပြီး ခရိုင်တရားရုံးသို့ မေလ ၁၄ ရက်ထိ ရောက်ရှိလာခြင်းမရှိသေးကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်မှ သတင်းပြန်ကြားရေးအရာရှိက ပြော သည်။

" ရုပ်သိမ်းလွှာကို ကွယ်လွန်သူ မကရင်မရဲ့ မိခင်ဖြစ်တဲ့သူက တင်ထားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ တရားရုံးကို သူက ဆက်မတင်ရသေးဘူး ဒီရုပ်သိမ်းလွှာကိုလေ။ ရုပ်သိမ်းလွှာက ခရိုင်ဥပဒေရုံးကနေ တရားရုံးတင်ရမှာဖြစ်ပါတယ်"ဟု ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး၊ သတင်းပြန်ကြားရေး အရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးညိုလွင်ဦးက အတည်ပြုပြောသည်။

ယင်းအမှုတွင် စွပ်စွဲခံရသူဖြစ်သည့် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်းခရိုင်တရားသူကြီးက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် အမြင့်ဆုံးပြစ်ဒဏ် တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မ- ၃၀၂(၂)ဖြင့် စွဲချက်တင် စစ်ဆေးနေခြင်း ဖြစ်သည်။

အမှုစစ်ဆေးပြီးစီးမှုအခြေအနေမှာ တရားလိုဘက်မှ တင်ပြထားချက်အရ  တရားလိုအပါအဝင် တရားလိုပြ သက်သေ ၂၉ ဦး ရှိပြီး ယင်းအထဲမှ ၇ ဦးအား အကြောင်းအမျိုးမျိုးကြောင့် တရားဝင် ပယ်လိုက်ကာ တရားလိုပြ သက်သေ ၂၂ ဦး စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။

ခရိုင်တရားသူကြီးက လာမည့် မေလ ၂၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ကာ ယင်းအမှုကို ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လမှ တရားစွဲတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နီးပါးရှိနေပြီ ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ဒေါ်သိင်္ဂီစုက အိမ်အကူဒေါ်ကရင်မအား ၎င်းနေအိမ်ပြန်ပို့ရာမှ ဒေါ်ကရင်မ၏ ဦးခေါင်း၊ နဖူး၊ မေးစေ့၊ ပါးရိုးတို့တွင် ဒဏ်ရာများအား ရပ်ရွာမှ တွေ့ရှိမေးမြန်းရာ ဆွဲကြိုး ခိုးယူသည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူက ရိုက်နှက်ခဲ့သည်ဟု ပြောဆိုခဲ့ပြီး ယင်းနောက် သေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly