ကုန်သွယ်ရေးစစ်ကို မလိုလားပေမယ့် တံခါးဝထိ ရောက်လာရင်တော့ အဆုံးထိ တိုက်ခိုက်သွားမယ်လို့ တရုတ် ပြော

ကုန်သွယ်ရေးစစ်ကို မလိုလားပေမယ့် တံခါးဝထိ ရောက်လာရင်တော့ အဆုံးထိ တိုက်ခိုက်သွားမယ်လို့ တရုတ် ပြော

ပေကျင်း၊ မေ ၁၄ ။           ။ တရုတ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေးစစ်ပွဲတစ်ပွဲကို တိုက်ခိုက်လိုစိတ် မရှိပေမယ့် တစ်စုံတစ်ယောက်က ဒါကို တံခါးဝအထိ ယူလာခဲ့ရင်တော့ အဆုံးထိ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောလာပါတယ်။

“တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောနေခဲ့တာပါ။ သွင်းကုန်ခွန်တွေ စည်းကြပ်တာဟာ ဘယ်ပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး။ ကုန်သွယ်ရေးစစ် ဆင်နွှဲတာလည်း နှစ်နိုင်ငံကိုရော အခြားနိုင်ငံတွေကိုပါ အထိနာစေမယ်လို့ ပြောနေခဲ့တာပါ။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှောင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် “ကုန်သွယ်ရေးစစ်ကို တရုတ်က မဆင်နွှဲလိုဘူး။ ဒါပေမယ့် ဒီစစ်ပွဲကို တိုက်သွားဖို့အရေးလည်း ကြောက်မနေဘူး။ တစ်ယောက်ယောက်က ဒီတိုက်ပွဲကို ကျွန်တော်တို့ရဲ့ တံခါးဝဆီအထိ ယူလာပြီ ဆိုရင်တော့ ကျွန်တော်တို့ အဆုံးထိ တိုက်ခိုက်သွားမှာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ အပြန်အလှန် သွင်းကုန်ခွန်တွေ တိုးမြှင့်ရင်း ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ် ပြေငြိမ်းဖို့ ဆွေးနွေးနေကြပေမယ့် ရလဒ်မထွက်နိုင်သေးဘဲ ဖြစ်နေပါတယ်။

အဲဒီလို သောင်မတင်ရေမကျ ကာလမှာပဲ အမေရိကန််က တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် မေ ၁၀ ရက်က စတင်ပြီး အခွန်နှစ်ဆ တိုးမြှင့်လိုက်ပါတယ်။

တရုတ်ဖက်က ဒါကို လက်တုံ့ပြန်ပြီး ဇွန် ၁ ရက်စလို့ အမေရိကန်ကုန်စည် ဒေါ်လာ ဘီလီယံ ၆၀ ဖိုးအပေါ် အခွန်တိုးမြှင့်မှာဖြစ်ကြောင်း မေ ၁၄ ရက်မှာ ကြေညာလာခဲ့တာကြောင့် ကုန်သွယ်ရေးစစ်က တစ်ကျော့ပြန် အရှိန်မြင့် လာခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly