ယာဉ်မောင်းလိုင်စင်ကြေး တိုးလိုက်ခြင်းကို ပြန်စိစစ်ရန် လွှတ်တော်တွင် အကြံပြု

ယာဉ်မောင်းလိုင်စင်ကြေး တိုးလိုက်ခြင်းကို ပြန်စိစစ်ရန် လွှတ်တော်တွင် အကြံပြု
ဓာတ်ပုံ - NYEIN CHAN NAING/EPA

နေပြည်တော်၊ မေ ၁၄ ရက် ။           ။ ပြောင်းလဲကောက်ခံလိုက်သည့် ယာဉ်မောင်းလိုင်စင်ကြေးကို အများဆုံး ကျပ် ၇ သောင်းခွဲအထိ တိုးမြှင့်လိုက် ခြင်းသည် အများပြည်သူလက်လုပ်လက်စားများအတွက် အခက်အခဲဖြစ်နိုင်၍ ပြန်စိစစ်ပေးရန် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အကြံပြုပြောဆိုခဲ့သည်။

 “ယာဉ်မောင်းလိုင်စင်ခ နှုန်းထားတွေ ပြောင်းလဲတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီးတော့(ခ)လိုင်စင်ကနေ(င) အထိမှာ ကျပ်ငါးသောင်း၊ ခြောက်သောင်း၊ ခုနစ်သောင်းခွဲနဲ့ (ဌ) (ဟ) တွေကိုတော့ ကျပ်သုံးသောင်း သတ်မှတ်လိုက်တဲ့အတွက်ကြောင့် ဒီငွေပမာဏဟာ ဆင်းရဲသား လက်လုပ်လက်စားတွေအတွက် အခက်အခဲ ရှိလို့ အလုပ်လက်မဲ့ပြႆနာကို ပိုများလာစေမှာဖြစ်လို့ ပြန်လည်စိစစ်သင့်တယ်လို့ အကြံပြုစေလိုပါတယ်”ဟု လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။

ယနေ့ မေ ၁၄ ရက်၊ ပြည်ထောင်စုလွှတ်တေ်ာအစည်းအဝေးတွင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လ ဘဏ္ဍာရေးအရသုံးဆိုင်ရာအစီရင်ခံစာနှင့် ၄င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယာဉ်မောင်းလိုင်စင်ကြေးကို လက်ရှိအစိုးရလက်ထက် ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းက စတင်ကာ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်သည်။

သင်မောင်းလိုင်စင် “သ” အတွက် အသစ်ပြုလုပ်လျှင် သုံးထောင်ကျပ်၊ နှစ်လဲလျှင် သုံးထောင်ကျပ် သက်တမ်း အနေဖြင့် တစ်နှစ်ရှိမည်ဖြစ်သည်။ “က”လိုင်စင်အတွက် အသစ်ပြုလုပ်ခြင်းနှင့် လဲလှယ်ခြင်းအတွက် ငွေကျပ် တစ်သောင်းနှစ်ထောင်နှုန်းစီ(၅နှစ်) ၊ “ခ”လိုင်စင်အတွက် ငွေကျပ် ငါးသောင်း နှုန်းစီ(၅နှစ်) ၊ “ဂ”လိုင်စင် အတွက် ငွေကျပ် ၆သောင်းနှုန်းစီ(၅နှစ်) ၊ “ဃ”လိုင်စင်အတွက် ကျပ်ခြောက်သောင်းနှုန်းစီ(၅နှစ်) ၊ “င”လိုင်စင်အတွက် ခုနှစ်သောင်းငါးထောင်နှုန်းစီ (၃နှစ်) ၊“ဌ”နှင့်“ဟ” လိုင်စင်များအတွက် ကျပ်သုံးသောင်းနှုန်း စီ (၅နှစ်)သက်တမ်းအသီးသီးတို့ဖြစ်ကြသည်။

အထက်ပါ အစီရင်ခံစာထဲတွင် အမြဲအရှုံးပေါ်နေသည့် ရထားပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ၊ စာတိုက်လုပ်ငန်းအတွက်လည်း အကြံပြုပြောဆိုခဲ့သည်။

မော်တော်ယာဉ်ခနှုန်းထားများကို လောင်စာဆီနှုန်းစျေးအတက် အကျအလိုက် အစိုးရအနေဖြင့် ထိန်းညှိပေးရန်၊ ဆက်သွယ်ရေးကဏ္ဍတွင် ဖုန်းဘီလ်များ မမှန်မကန်ဖြတ်တောက်ခြင်းမရှိစေရန်၊ လျှပ်စစ်မီးကဏ္ဍတွင်လည်း ပိုလျှံဓာတ်အားမှ ရောင်းချရသည့်ဓာတ်အားခများ ရရှိစေရန်နှင့် BOT စနစ်ဖြင့် ဆောင်ရွက်သည့် ရေအားလျှပ်စစ်စီမံကိန်းများမှ နိုင်ငံတော်မှ စိုက်ထုတ်ချေးထားသည့် အခွန်အခများ မှန်မှန်ရရှိစေရန်တို့ကို အကြံပြုတိုက်တွန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly