၀ါးခယ်မရဲစခန်းတွင် အချုပ်သားသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးအား သတိပေးလက်မှတ်ထိုး အရေးယူ

၀ါးခယ်မရဲစခန်းတွင် အချုပ်သားသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးအား သတိပေးလက်မှတ်ထိုး အရေးယူ
လူ့အခွင့်အရေးကော်မရှင်က ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြစ်ကလေးကျေးရွာမှ ဦးကျော်အေး သေဆုံးမှုအတွက် အခင်းဖြစ်ပွားသည့် ရဲစခန်းအချုပ်ခန်းကို ဧပြီလလယ်တွင် သွားရောက် စုံစမ်းစစ်ဆေး ခဲ့သည် (ဓာတ်ပုံ - MNHRC)

ပုသိမ်၊ မေ ၁၄ ။                          ။ ၀ါးခယ်မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ဝါးခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့မစခန်း စခန်းမှူးတို့အား မှတ်တမ်းဝင် သတိပေးလက်မှတ် ရေးထိုးအရေးယူထားသည်ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

 မိသားစုဝင်များကို သေချာရှင်းလင်းပြောဆိုခဲ့ခြင်း မရှိသည့်အတွက်၊ နောင်အလားတူဖြစ်ပေါ်မှု မရှိစေရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

 " သေဆုံးမှုနှင့်ပတ်သက်ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူရဲ့ ဆွေမျိုးများနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်မှု မရှိခြင်း၊ သေမှုသေခင်း ရေးဖွင့်ထားမှုအပေါ် သေဆုံးသူဆွေမျိုးများ  နားလည်သဘောပေါက်အောင် ရှင်းလင်းပြမှု မရှိသည့်အတွက် ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုလွဲမှားခဲ့ခြင်းတို့အတွက် ဝါးခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဝါးခယ်မမြို့ရဲစခန်း ယာယီစခန်းမှူးတို့ကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက နောင်အလားတူမဖြစ်စေရေးအတွက် မှတ်တမ်းဝင် သတိပေးလက်မှတ်ရေးထိုးစေခဲ့ပါတယ်” ဟု ဒုတိယရဲမှူးကြီး ထွန်းရွှေက မဇ္ဈိမသို့ ပြောသည်။

 ဖြစ်စဉ်မှာ ၀ါးခယ်မမြို့နယ်၊ ဆူးတွင်းကျေးရွာအုပ်စု၊ မြစ်ကလေးကျေးရွာမှ ဦးကျော်အေးအား ၀ါးခယ်မ မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် တစ်ပတ်အကြာတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 ညဉ်းပမ်းနှိပ်စက်ခြင်းကြောင့် သေဆုံးရသည်ဟုဆိုကာ မိသားစုဝင်များက မြန်မာနိုင်ငံ၊အမျိုးသားလူအခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ပြီး ကော်မရှင်မှ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ သွားရောက် စုံစမ်းစစ်ဆေးခဲ့သည်။

 ထို့နောက် ကော်မရှင်မှ စစ်ဆေးတွေ့ရှိချက် အကြံပြုချက်များကို ဧပြီလနောက်ဆုံးပတ်တွင် ပြည်ထဲရေးဝန်ကြီး ဌာနသို့ ပေးပို့ခဲ့ပြီး သေသူနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုမရှိသည့်အတွက် ရဲတပ်ဖွဲ့ပေါ် အမြင်လွဲမှားနိုင်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား အရေးယူသင့်ကြောင်း တိုက်တွန်းခဲ့သည်။

 “သေဆုံးသူနှင့်ပတ်သက်၍ ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့သည် ရဲအချုပ်ခန်းတွင် တရားခံ သေဆုံးရခြင်း ၊ ပြည်သူများနှင့် မိသားစုဝင်များ အထင်အမြင်လွဲမှား ယုံကြည်မှုကို မပျက်ပြားစေရန် ကြိုတင်ကာကွယ်တားဆီးမှု လုံလောက်စွာ မပြုလုပ်နိုင်ခြင်းတို့ကြောင့် တာဝန်ရှိသဖြင့် အရေးယူဆောင်ရွက် သင့်ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရေးယူဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ရှင်းလင်းအသိပေးပြောကြားခြင်း ဆောင်ရွက်သင့်ပါသည်” ဟု အစရှိသည်များပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကြံပြုချက်တွင် ပါဝင်သည်။

 ထို့ပြင် ရဲနှင့် ပြည်သူဆက်ဆံရေးသင်ခန်းစာအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ရဲစခန်းများသို့ ရှင်းလင်းချပြသင့်ကြောင်းများပါ ကော်မရှင်မှ အကြံပြုခဲ့သည်။

ထို့ကြောင့် ဝါးခယ်မမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့မစခန်း စခန်းမှူးတို့အား ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတိပေးလက်မှတ်ထိုးခိုင်းသော အရေးယူမှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly