ပိုင်ဆိုင်မှုများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းပြောဆို

ပိုင်ဆိုင်မှုများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းပြောဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ပဲခူး ၊ မေ ၁၄ ။           ။ ပိုင်ဆိုင်မှုအထောက်အထားများနှင့်ဘဝဖြတ်သန်းမှုသမိုင်းများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

“ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေး စစ်ဆေးနိုင်တယ်။ ကြေညာနိုင်တယ်။ အသင့်လည်းရှိတယ်။ ပြီးတဲ့အခါမှာ ကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ ဘဝကို စမ်းသပ်နိုင်တယ်။ အစစ်ဆေးခံနိုင်တယ်” ဟု ၄င်းကဆိုသည်။

မေ ၁၄ ရက်နေ့ နံနက်ပိုင်းက  ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရုံးဖွင့်ပွဲ အခမ်းအနားတွင် သူရဦးရွှေမန်းကပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ဒီစကားမျိုးကို ကျွန်တော့လို လာရာလမ်းကြောင်းကသူတွေ ဘယ်သူပြောရဲလဲ။ ဒီမိုကရေစီ ပြောင်းလဲရေး ပြောင်းလဲရေးနဲ့ စစ်သားဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့သူက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဘယ်လောက်ထိလုပ်ခဲ့လဲ ” ဟု သူရဦးရွှေမန်းက ဆက်လက်ပြောဆိုခဲ့သည်။

သူရဦးရွှေမန်းသည် ယခင် စစ်အစိုးရလက်ထက်က တပ်မတော် နံပါတ်သုံးခေါင်းဆောင်အဖြစ်ရှိခြဲ့့ပီးနောက်၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်အရွေးချယ်ခံခဲ့ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။

ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် NLD အစိုးရလက်ထက် တွင်  ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ၃ နှစ်ခန့် တာဝန်ပေးခြင်းခံခဲ့ရသည်။

လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်တည်ထောင်သူတစ်ဦး ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ပဲခူးတိုင်းဒေသကြီး ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ နှင့် ပါတီရုံးဖွင့်ပွဲ အခမ်းအနားကို မေ ၁၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးတွင် ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly