ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီပြီးဆုံးပြီးနောက် 'အခု အလုပ်စနေပါပြီ'လို့ဆိုတဲ့ ဆိုးလ်ရှား

ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီပြီးဆုံးပြီးနောက် 'အခု အလုပ်စနေပါပြီ'လို့ဆိုတဲ့ ဆိုးလ်ရှား
Photo: EPA

ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်အနေနဲ့ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကွာဟမှုကို လိုက်မီဖို့ "အချိန်အနည်းငယ်ကြာ" ယူရလိမ့်မယ်လို့ သူတို့ရဲ့ စိတ်ပျက်ဖွယ်ရာ ရာသီအဆုံးသတ်အပြီး  ပြောဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက လီဗာပူးလ်ကို ၁ မှတ်အသာ ရမှတ် ၉၈ မှတ်နဲ့ ချန်ပီယံဖြစ်တဲ့ စီးတီးရဲ့ နောက် ၃၂ မှတ်အကွာ အဆင့် ၆ နေရာနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဆင့် ၄ နေရာက စပါးနောက် ၅ မှတ်အကွာမှာ ရပ်တည်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်သွားတာကြောင့် ကလပ်အသင်းဆီ ထိပ်တန်းအဆင့် ကစားသမားတွေကို စွဲဆောင်ဖို့ ပိုမိုခက်ခဲသွားပါလိမ့်မယ်။

ဆိုးလ်ရှားဟာ ဒီဇင်ဘာလက မော်ရင်ဟိုနေရာ အစားထိုးဝင်ရောက်ခဲ့ပြီးနောက် အစောပိုင်းမှာ အသင်းရဲ့ ပုံစံ တဆစ်ချိုး ပြောင်းလဲသွားပြီး သူက "ထိပ်ဆုံးနေရာနဲ့ နီးကပ်ဖို့ အချိန်အနည်းငယ် ယူရပါလိမ့်မယ်။ ကျနော်တို့ဟာ အဆင့် ၃၊ ၄၊ ၅ ရဲ့နောက် အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ နဲ့ အဆုံးသတ်နိုင်တာက ကျနော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်လာဖို့ရှိပါတယ်။"လို့ ပြောပါတယ်။

"ထိပ်ဆုံးနှစ်သင်းက အရင်တုန်းကထက် ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်။ ကျနော်တို့အနေနဲ့ လာမယ့်ရာသီမှာ စိန်ခေါ်သွားဖို့ ရှိပါတယ်။"

ယူနိုက်တက်တိုက်စစ်မှူးဟောင်းက "အခု အလုပ်စနေပါပြီ။ လူတိုင်းဟာ နွေရာသီမှာ အနားယူကြမှာဖြစ်ပေမယ့် ကွဲပြားခြားနားတဲ့ ခံယူမှုနဲ့ ကွဲပြားခြားနားတဲ့ စိတ်ဓာတ်နဲ့အတူ ယူနိုက်တက်အသင်းတစ်သင်းဖြစ်တဲ့ ကျနော်တို့ ပြန်လာမှာဖြစ်ပါတယ်။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ၂၀၁၃ ခုနှစ်က နောက်ဆုံး ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒါက အိုထရက်ဖို့ဒ်မှာ အဲလက်စ် ဖာဂူဆန်ရဲ့ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ရာသီလည်းဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူတို့ဟာ အဆင့် ၇၊ ၄၊ ၅၊ ၆၊ ၂ နဲ့ အခု အဆင့် ၆ နေရာမှာ ပြန်ရပ်တည်ခဲ့ပြီး ချန်ပီယံဆုတွေနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။

ယူနိုက်တက်ကို ဆိုးလ်ရှား ကိုင်တွယ်ခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီကို ၃-၁ ဂိုးနဲ့ နိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်နိုင်တဲ့ ပွဲစဉ်အပါအဝင် ပထမဆုံး ၁၇ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၈ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly