ပါကစ္စတန်မှာ ဆိုင်ကယ်ဗုံး ပေါက်ကွဲ၍ ရဲ လေးဦး သေဆုံးကာ လူ ကိုးဦး ဒဏ်ရာရ

ပါကစ္စတန်မှာ ဆိုင်ကယ်ဗုံး ပေါက်ကွဲ၍ ရဲ လေးဦး သေဆုံးကာ လူ ကိုးဦး ဒဏ်ရာရ

ကရာချိ၊ မေ ၁၄ ။          ။ ပါကစ္စတန် အနောက်တောင်ပိုင်းက ကီတာမြို့မှာ စစ်သွေးကြွတွေက ဆိုင်ကယ်တစ်စီးအောက် ဝှက်ထားတဲ့ ဗုံးကို ဖောက်ခွဲတာကြောင့် ရဲလေးဦး သေဆုံးပြီး လူ ကိုးဦး ဒဏ်ရာရတယ်လို့ ရဲဌာနက မေ ၁၃ ရက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ပါကစ္စတန် တာလီဘန်အဖွဲ့က အတည်ပြု ကြေညာပါတယ်။

ဒဏ်ရာရသူ ကိုးဦးမှာ နှစ်ဦးက ရဲဖြစ်တယ်လို့ အကြီးတန်းရဲအရာရှိ အဒူရာဇက်က ပြောပါတယ်။

“ဒဏ်ရာရသူနှစ်ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်။”လို့ ၎င်းက ဖြည်စွက်ပြောပါတယ်။

ရဲတွေ ကင်းစောင့်နေတဲ့ ဗလီတစ်ခုရဲ့ အပြင်ဖက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်မှာ ဗုံးတပ်ဆင်ဖောက်ခွဲတာဖြစ်ပါတယ်။

ဘာလိုချီစတန်ပြည်နယ်က ဟိုတယ်တစ်ခုမှာ ခွဲထွက်ရေးသမား လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်ပြီး ရက်ပိုင်းမှာပဲ အခု ဆိုင်ကယ်ဗုံး တိုက်ခိုက်မှု ဖြစ်တာပါ။

ဘာလိုချီစတန်မှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေပြီး ဌာနေစစ်သွေးကြွတွေဟာ ဒေသခံတွေအတွက် အကျိုးအမြတ် နည်းတယ်ဆိုကာ ပြောဆိုဆန့်ကျင်နေတာ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်တိုက်ခိုက်မှုမှာ စစ်သားတစ်ဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ပြီး လက်နက်ကိုင်စီးနင်းသူ အားလုံးကို သုတ်သင်နိုင်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ မွတ်စလင်ဥပုသ်လအတွင်း ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှုတွေလည်း ဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံး အာဖဂန်နဲ့ အီရန်တို့နဲ့ နယ်စပ်ထိစပ်နေတဲ့ ဘာလိုချီစတန်ပြည်နယ်ဟာ အစ္စလာမ္မစ်စစ်သွေးကြွတွေ၊ ခွဲထွက်ရေးသမားတွေနဲ့ ဂိုဏ်းဂဏစွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိရာ ပြည်နယ်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly