လူသားချင်းစာနာမှုဆိုင်ရာကုလအဖွဲ့ ရခိုင်စစ်ဘေးရှောင်တွေထံ သွားရောက်ခွင့်မရ

လူသားချင်းစာနာမှုဆိုင်ရာကုလအဖွဲ့ ရခိုင်စစ်ဘေးရှောင်တွေထံ သွားရောက်ခွင့်မရ
ဓာတ်ပုံ - EPA

စစ်တွေ၊ မေ ၁၃ ။         ။ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် ၍ ရခိုင်ပြည်နယ်ကို ရောက်ရှိနေသည့် ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမူလာဦးဆောင်အဖွဲ့သည် ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များထံ သွားရောက်ခွင့် မရခဲ့ကြောင်း သိရသည်။

 စစ်ဘေးရှောင်အများဆုံး ရှိနေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှဝါးတောင်ဒုက္ခသည်စခန်း အပါအဝင် စစ်ရှောင်ခန်းအချို့ထံ သွားရောက်ရန်စီစဉ်ထားရာ လုံခြုံရေးကြောင့်ဟု ဆိုကာ အစိုးရမှ သွားခွင့် မပြုခဲ့ကြောင်း OCHA တာဝန်ရှိသူက မစ္စနမ်စီမယ်ကလီက သတင်းထောက်များကို ပြောသည်။

  "အထူးသဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ အေအေနဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေကြောင့်ဖြစ်တဲ့ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဆီ သွားဖို့အတွက် မစ္စအာရ်ဆူလာမူလာက အထူးပဲစိတ်ဝင်စားပါတယ်။ ကျွန်မတို့ Request လည်း တင်တယ်ပေါ့နော်။ ဒါပေမယ့် သွားလာခွင့်တော့ မရခဲ့ဘူး။ နိုင်ငံတော်အစိုးရရဲ့ ပြောဆိုချက်ကတော့ လုံခြုံရေးအခြေနေကြောင့် ကျွန်မတို့ကို ပေးမသွားဘူးပေါ့နော်။  အဲဒီတော့ ကျွန်မတို့ အဲဒီဖက်ကို မသွားဘူး။ သွားခွင့်ရတဲ့နေရာပဲသွားတယ်။" ဟု မစ္စနမ်စီမယ်ကလီက ပြောသည်။

 ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းရာ ခွင့်ပြု၍ ရနိုင်သည့် အခြနေဖြစ်သော်လည်း ၎င်းတို့၏ အသက်အန္တရာယ်ကို စိုးရိမ်၍ ခွင့်မပြုခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

 "သွားခွင့်မရဘူး။ မဟုတ်ဘူး။ သွားခွင့်ပေးတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကျတော့ သူတို့ရဲ့ အသက် အန္တရာယ်တွေ၊ ဘေးအန္တရယ်တွေ။ နေ့စဉ်ဓူဝ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဗုံးပေါက်နေတယ်။ တခုခုဖြစ်သွားရင် ပြဿနာဖြစ်မှာစိုးလို့ အစိုးရဆီမှာ တင်ပြပြီးမှ သွားလို့ရလို့ရမဲ့ အနေအထားပေါ့။"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဆိုသည်။

 ယင်းအဖွဲ့မှာ မေလ ၁၂ ရက်နေ့ နေ့ယ်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာခြင်း ဖြစ်ပြီး ယင်းနေ့မှာပင် ဘာဆာရာကျေးရွာသို့ သွားရောက်ကာ ဒေသခံများအား တွေ့ဆုံခဲ့သည်။ ယနေ့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲနှ့င့် တွေ့ဆုံပြီးနောက် စစ်တွေမြို့ဒါးပိုင်ကျေးရွာက ရာဘာခြံ ဒုက္ခသည်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့သည်။

 ၎င်းတို့၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်မှာ မေ ၉ ရက် နေ့မှ ၁၄ ရက်နေ့ထိ ၆ ရက်တာ ကြာမြင့်မည် ဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကိုလည်း သွားရောက်မည်ဟု ထုတ်ပြန်ထား သည်။

 ထို့ပြင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေဆုံရန် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly