ရခိုင်ဒေသ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ပုံအောလုပ်ဆောင်နေဟု လူကယ်ပြန်ဝန်ကြီးပြော

ရခိုင်ဒေသ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ပုံအောလုပ်ဆောင်နေဟု လူကယ်ပြန်ဝန်ကြီးပြော
ဓာတ်ပုံ - AFP

နေပြည်တော်၊ မေလ ၁၃ရက် ။         ။ အစိုးရသစ်လက်ထက်တွင် ရခိုင်ဒေသအတွင်း လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပုံအောပြီး လုပ်ဆောင် နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးကောင်းကောင်းလုပ်ပြီးသွားရင်အဲ့ဒိဒေသက သဟဇာတဖြစ်သွားလိမ့်မယ်တဲ့။ တကယ်တော့ ဖွံ့ဖြိုးမှုအင်မတန်နောက်ကျတယ်။ ခွဲခြားတာတွေရှိတယ်။ တကယ့်ကိုနောက်ကျခဲ့ တဲ့နေရာ ဖြစ်တယ်။ ဒါပေမယ့်အစိုးရသစ်လက်ထက်မှာပုံအောပြီးတော့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နေ တယ်။ တကယ် တော့ ဘက်ဂျက်တွေဘယ်လောက်ကုန်ပြီးလဲမေးရင်တောင် ဖြေရတာ အရမ်းအံ့သြ စရာ ကောင်းအောင်ခက်ခဲ နက်နဲပြီးတော့ များပြားပါတယ်ဆိုတဲ့ အတွက်ကြောင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ကို အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်” ဟု ၄င်းကပြောကြားသည်။

မေလ ၁၃ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲမှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်တွင်းက ရခိုင်ဒေသတွင်း ပဋိပက္ခများဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ အဖြစ် လူမှု အသိုက်အဝန်း နှစ်ခုအကြားသဟဇာတ မရှိကြတော့ပဲ ရေရှည်ပဋိပက္ခများကို ကင်းဝေးရန်အတွက် စင်္ကာပူ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အာဆီယံ-အီရတ် အသင်းမှ ဦးဆောင်ကာ ရခိုင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို အရင်ဆုံးလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

ထိုအသင်းမှ လာရောက်လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုများကို အရင်ဦးဆုံး လုပ်ဆောင်မှသာ လူမှုအသိုက်အဝန်း နှစ်ခုအကြား သဟဇာတ ဖြစ်သွားကြမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

“တစ်ခါတည်းအာဆီယံကနေပြီးတော့ အီရတ် TEAM ကြီးကနေလာပြီးတော့ ကနဦး ဆန်းစစ်မှုတွေ လုပ်လိုက်တဲ့အခါမှာ သူတို့ကဘာပြောလိုလဲဆိုတော့ အရမ်းအံ့သြစရာကောင်းတယ်။ ဒီဒေသမှာဖွံ့ဖြိုး တိုးတက်မှုတွေလုပ်လိုက်ရင် အရင်တုန်းက အကြောင်းတွေ သူတို့ လေ့လာတွေ့ရှိတယ်။ အဖွဲ့အစည်းတွေ တွေ့ကြတယ်။သူတို့တွေ့ဆုံပွဲတွေလုပ်ပြီး ဘာသိလဲဆိုရင်လူမှုသဟဇာတဖြစ်ရေးကို နံပါတ်တစ် ထားနေတာ သူတို့ကသဘောမတူဘူးတဲ့”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အစိုးရသည် ရခိုင်အရေးကိစ္စတွင် သဟဇာတ ဖြစ်ရေးအတွက် ကမ်းကုန်အောင်ဆောင်ရွက်နေသလို တစ်ဖက်နိုင်ငံမှ ရောက်နေသည့်သူများ ပြန်လည်ဝင်ရောက်လာရေးကို သဘောတူညီချက်များ ထားရှိ လုပ်ဆောင်နေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီး မြန်မာနိုင်ငံဘက်မှ စည်းကမ်းများနှင့်အညီ ပြန်လည် လက်ခံရန် အတွက် အဆင်သင့်ဖြစ်နေကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“သို့သော်တရားဝင်သာမလာတာ၊ သူ့သဘောနဲ့သူဝင်လာတဲ့သူ ကျွန်တော်တို့စာရင်းဇယားအရဆိုရင် ၂ဝဝကျော်၊ ၃ဝဝနီးပါးလက်ခံရရှိနေတယ်။ ဒါနေလို့မရတော့ပါဘူး။ ဘယ်လိုမှ မဖြစ်တော့ပါဘူး ဆိုပြီး ဝင်လာတာ ၊ ဝင်လာတဲ့အခါကျတော့ ဒီဖက် ရောက်လာတဲ့အခါကျတော့ ဌာနကိုလာပြောတယ်။ ဒီမှာ ဝင်လာပြီဆိုတော့ အဲ့ဒါဆိုRegularizedပြန်လုပ်ပေးရတယ်။ ဒီအတိုင်းပြန်ဝင်၊ အဲ့ဒီလိုပြန်ပြီး အဆင့်ဆင့် ဖြတ်သန်းပြီးတဲ့အခါမှာသူတို့ကို စိစစ်၊ စိစစ်တဲ့အခါမှာ အကြမ်းဖက် မပါဘူး။ဒါဆိုရင်တော့ဘယ်လို၊ ပါတဲ့လူဆိုရင်တော့အရေးယူရတာပေါ့”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးအတွက် အာဆီယံနိုင်ငံများမှ ပူးပေါင်း ဆောင်ရွက်မည်ဟု ကတိကဝတ် ရရှိထားသည့်အတွက် ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို ချမှတ်ကာ မကြာခင် ကမ္ဘာသို့ အသိပေး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly