လူတစ်ဦး၏ ဥပဓိကို ဖျက်ဆီးနေသော ဆံပင်ဖြူများကို နုတ်ပေးခြင်းဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ပြန်ချေပ

လူတစ်ဦး၏ ဥပဓိကို ဖျက်ဆီးနေသော ဆံပင်ဖြူများကို နုတ်ပေးခြင်းဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ပြန်ချေပ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေ ၁၃ ။           ။ ဆံပင်များ နုတ်ခြင်းကို ဥပမာပေးကာ သည်းခံမည်မဟုတ်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည့်အပေါ် လူတစ်ဦး၏ ဥပဓိရုပ်ကို ဖျက်ဆီးနေသည့် ဆံပင်ဖြူများကို နုတ်ပေးနေခြင်းသာဖြစ်ကြောင်း ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်များက တရာရုံးမှအထွက်တွင် ချေပပြောဆိုလိုက်သည်။

 " စစ်တပ်က ကိုဇေယျာလွင်ပြောသလို လုံးဝ ဆတ်ဆတ်ထိမခံဖြစ်နေတယ်။ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသွားတဲ့အတိုင်း ကျွန်တော်တို့ သူတို့(တပ်မတော်)ကို ဆံပင်မွေး နုတ်နေတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ဥပဓိကို ဖျက်ဆီးနေတဲ့ ဆံပင်ဖြူတွေကို ကျွန်တော်တို့ နုတ်ပေးနေတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ကို ကျွန်တော်တို့ကို ကျေးဇူးတင်ပါ"ဟု ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ဝင် ကိုပိုင်ရဲသူက မေ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

 ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ တတိယအကြိမ်ပြုလုပ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာများ၏ မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင်" ဆံပင်နုတ်ခြင်း" ဥပမာဖြင့် တပ်မတော်မှ သည်းခံမည်မဟုတ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

 ယင်းပြောဆိုချက်မှာ " သည်းခံတာများလာရင် ပိုပြီးတော့ ရောင့်တက်လာတာပဲ ရှိတယ်။ နောက်ဆုံး ပြောရရင်တော့ ရှိသမျှ ခေါင်းမွေး ပြောင်ဖို့ပဲ ရှိတယ်။ ကိုယ့်ခေါင်းမွေးကို တစ်ပင်ချင်း လာနုတ်နေတာတော့ တစ်ပင်ချင်းနုတ်ရင် သည်းခံမယ်ဗျာ။ နှစ်ပင် နုတ်ရင် သည်းခံမယ်။ သုံး၊ လေးပင် ပေါင်းပြီး နုတ်ပြီဆိုရင်တော့ ဆော်ဖို့ပဲ ရှိတာပေါ့"ဟု ပြောခဲ့ခြင်း ဖြစ်သည်။

 မေလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့သည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးထဲမှ ကိုပိုင်ရဲသူက တရားခွင်မှ အထွက်တွင် ပြန်လည်ချေပပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 ယနေ့ ရုံးချိန်းတွင် တပ်မတော်ဘက်မှ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးအမှုတွင် တရားလိုဖြစ်သူအား စစ်ဆေးခဲ့သည်။

 ထပ်မံပြီး တပ်မတော်ဘက်မှ " ဆံပင်နုတ်ခြင်း" ဥပမာသည် ၎င်းတို့ကို ရည်ရွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သံချပ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုဇေယျာလွင်က ပြောသည်။

 " ကျွန်တော်တို့ သံချပ်ထိုးတာက အဲ့ဒီစာသားတွေက ဒီနေ့မှ စထိုးတာမဟုတ်ဘူး။ ကျွန်တော်တို့ နှစ်စဉ်နှစ် တိုင်းထိုးတဲ့ သံချပ်စာသားတွေဖြစ်တယ်။ အဲ့ဒီတော့ ဒီနှစ်မှ သူတို့က စတရားစွဲတယ်ဆိုတဲ့ ကိစ္စကတော့ ဘာကြောင့်လဲဆိုတာ သူတို့ပဲ သိလိမ့်မယ်။ ကျွန်တော် ယူဆတာကတော့ ကျွန်တော်တို့ အဲ့ဒီ သံချပ်စာသားတွေ မထိုးဘဲ တခြားစာသားတွေ ထိုးမယ်ဆိုရင်လည်း ကျွန်တော်တို့ကို ဒီလိုပဲ တရားစွဲမယ်လို့ ယုံကြည်တယ်။ အဲ့လိုပဲ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့(တပ်မတော်)အနေနဲ့ ကျွန်တော်တို့အပေါ်မှာ အင်မတန်မှ မျက်စိ ဆံပင်မွှေး စူးနေတယ်လို့ ယူဆတယ်။ အဲ့ဒီအတွက်ကြောင့် သူတို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ စကားရပ်တွေဆိုရင် ကျွန်တော်တို့တွေကို ရည်ရွယ်ပြီးတော့ ပြောဆိုတဲ့ စကားလုံးတွေလို့ မြင်ပါတယ်။ ဥပမာ ဆံပင်မွှေးနုတ်တဲ့ ကိစ္စမျိုး"ဟု ကိုဇေယျာလွင်က ပြောဆိုခဲ့သည်။

 ဧပြီလ ၁၈ ရက်နေ့က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ မကေခိုင်ထွန်း၊ ဒီရေ(ခ) ကိုပိုင်ဖြိုးမင်းနှင့် ဖိုးသား (ခ) ကိုဇော်လင်းထွန်းတို့ ၅ ဦးကို တပ်မတော်ဘက်မှ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးသို့ တွင် ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားခြင်းဖြစ်သည်။

 ဧပြီလ ၁၃ ရက်နေ့၊ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၇ လမ်းထိပ်တွင် ဖျော်ဖြေခဲ့သည့် သရုပ်ပြမှုများ ကြောင့်လည်း ကိုဇေယျာလွင်အပါ ၅ ဦးနှင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့ မှာ ဗိုလ်တထောင်မြို့မရဲစခန်းတွင် တပ်မတော်မှ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (က)တို့ဖြင့် ထပ်မံအမှုဖွင့်ထားသည်။

 လက်ရှိတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဦးဆောင်သူ အပါအဝင် ၅ ဦးအား တရားစွဲဆိုထားသော မရမ်းကုန်းမြို့နယ်တရားရုံးမှ အမှုကို မြို့နယ်တရားသူကြီးက လာမည့် မေ ၂၂ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly