နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် မလေးရှား ဟန့်တားနိုင်ခဲ့

နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် မလေးရှား ဟန့်တားနိုင်ခဲ့
ဓာတ်ပုံ - The Nation

မေ ၁၃ ။        ။ နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်မည့် အစီအစဉ်များကို မလေးရှား ရဲတပ်ဖွဲ့က ကြိုတင်သိရှိ ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင်အက်စ်အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စစ်သွေးကြွ လေးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အဆိုပါ စစ်သွေးကြွ လေးဦးဟာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ထားပြီး မွတ်ဆလင် မဟုတ်တဲ့ ဘာသာရေးနေရာတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှား နိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံမှ ဘင်္ဂါလီ (ရိုဟင်ဂျာ) နှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့ ပါဝင်တဲ့ သံသယရှိ လူလေးဦး အဖွဲ့ကို မလေးရှား ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့အပတ် ကွာလာလမ်ပူနဲ့ အရှေ့ တာရန်ဂါနူ ပြည်နယ်မှာ လုပ်ဆောင်တဲ့ စီးနင်းမှုတွေအတွင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိထားသူတွေဟာ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်နေသူတွေဖြစ်ကြောင်း မလေးရှား  ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဘဒူလ် ဟာမစ် ဘာဒေါက ပြောပါတယ်။

ဒါ့အပြင် ၎င်းတို့ထံမှာ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ချို့ကိုလည်း လုပ်ကြံဖို့ အစီအစဉ် ရှိထားကြောင်း၊ မလေးရှားနိုင်ငံတွင်းက ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု ကိုးကွယ်ရာ နေရာတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားသူတွေဖြစ်တယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

၎င်း စစ်သွေးကြွတွေကို ဖမ်းမိခဲ့တဲ့အပြင် လက်လုပ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ပစ်စတိုနဲ့ ကျည်ဆံတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly