ကိုရီးယားနိုင်ငံသူအား အဓမ္မပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီး

ကိုရီးယားနိုင်ငံသူအား အဓမ္မပြုကျင့်ရန် ကြိုးစားသူကို ဖမ်းဆီး
ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ မေ ၁၃ ။               ။ အောင်မင်္ဂလာကားကြီးကွင်းမှ ပြန်လာသော ကိုရီးယားနိုင်ငံသူကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ အမျိုးသားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

ယခုနှစ် မေလ ၁ရက်နေ့တွင် ကိုရီးယားနိုင်ငံသူ --- သည် ၎င်း၏ မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင် မင်္ဂလာ ကားကြီးကွင်းသို့  လိုက်ပါပို့ဆောင်ပြီး ည ရနာရီအချိန်တွင် ၎င်းတည်းခိုသည့် ဝိဇယဟိုတယ်သို့ ပြန်ရန် အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို ငွေကျပ်(၂၀၀၀ိ/-)ဖြင့် ငှားရမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်ကယ်ရီသမားသည်  ခရေပင်လမ်းခွဲမှ တညင်းကုန်းလမ်းခွဲအဆင်း မင်္ဂလာဒုံမြို့နယ်ရှိ  IC-Power ဆီဆိုင်တွင် ဓာတ်ဆီဖြည့်ပြီးနောက် တညင်းကုန်းဘက်မှ ရွှေပြည်သာတံတားလမ်းအတိုင်း လှိုင်သာ ယာမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း၊ထိုသို့ ထွက်ခွာလာရာတွင်  သတ်မှတ်သည့် အချိန် ထက်ကျော်လွန်နေသည်ကို သိရှိသဖြင့်  ၎င်းနေထိုင် ရာသို့ ပြန်လည် ပို့ပေးပါ ရန်ပြောသောအခါ ဆိုင်ကယ် သမားသည် လမ်းမကြီးမှ လမ်းကြားတစ်ခုအတွင်းသို့ မောင်းနှင်ဝင် ရောက်ခဲ့ပြီး ဆိုင်ကယ်အား ရပ်တန့်စဉ်ကိုရီးယား နိုင်ငံသူမှ ထွက်ပြေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဆိုင်ကယ်ကယ်ရီသမားက ကိုရီးယားနိုင်ငံသူအား နောက်မှဖက်၍ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သဖြင့် ကိုရီးယားသူမှ ရုန်းကန်သောကြောင့် ဆိုင်ကယ်ကယ်ရီ အမျိုးသားမှ လက်သီးနှင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနိုင်ငံသူသည် လက်သီးဖြင့် အထိုးခံရသောကြောင့် နာကျင်ဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်လာ ၂၀၀ တန်ဖိုးရှိ သော ရွှေဆွဲကြိုး(၁)ကုံး မှာလည်း ကျပျောက်ခဲ့ရကြောင်း ဖြစ်စဉ်အတွက်  အမည်မသိ(လူမြင်လျှင်မှတ်မိ) ဆိုင်ကယ်ကယ်ရီသမားအပေါ် အရေးယူပေးရန် ခလောက်ချိုက်နယ်မြေရဲစခန်းသို့ ကိုရီးယားနိုင်ငံသူမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်သူအား အမြန်စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ရန် ညွှန်ကြားချက်အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း နှိမ်နင်းရေးအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခြင်း၊ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်း မေးမြန်းခြင်းများဆောင်ရွက်ပြီး လမ်းခရီးတစ်လျှောက် ဆက်စပ်မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက် သတင်းရယူ စုံစမ်း ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် အမှုမှပြစ်မှုကျူးလွန်သူ စန်းဦး(ခ)ကျော်သက်ပိုင်ကို မေလ ၁၂ရက်နေ့ ညနေ ၄ နာရီအချိန် တွင် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏နေအိမ်အတွင်းမှ သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly