ရွှေစက်တော်နှင့်ပတ်သက်ပြီး တိုင်းအစိုးရမှ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုဟု ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ

ရွှေစက်တော်နှင့်ပတ်သက်ပြီး တိုင်းအစိုးရမှ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုဟု ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းတင်ပြနေစဉ် ။ ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

မကွေး၊ မေ ၁၃ ။      ။ ရွှေစက်တော်ဘုရားနှင့်ပတ်သက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ တွင် တင်ပြထားခဲ့သည်ဟု မကွေးတိုင်း မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။

“ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၉ မေလ ၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် ရွှေစက်တော်လာတဲ့နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။

တင်ပြခဲ့မှုမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကုမြို့နယ်)အတွင်း ၂၀၁၈ခုနှစ်ကျင်းပခဲ့သည့်မန်းရွှေစက်တော်ဘုရားပွဲတော်တွင်တင်ဒါနှင့်တည်းခိုဆောင်လုပ်ငန်းလုပ်ကိုင်သည့်ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်သော နမ္မဒါ(၁)တည်းခိုဆောင်မှာလုပ်ငန်းရှင်က တစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်း သတ်မှတ်ထားသည့် အဖိုးအခကို ကျသင့်ငွေ မရှင်းခဲ့မှုဖြစ်ပြီး နိုင်ငံရေးရာထူးလက်ရှိဖြစ်သူများက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှူများကို ပြုလုပ်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စရပ်များတွင် ရာထူးလက်ရှိများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က မန်းရွှေစက်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ဂေါပကအဖွဲ့ဝင်တို့မှတစ်ဆင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍့ အဂတိလိုက်စားမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု တင်ပြချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဂတိလိုက်စားရန်အလို့ငှာ ထိုက်သင့်သည့်အဖိုးအခ တန်ဖိုးမပေးဘဲ အကျိုးခံစားခြင်းတို့ကို မန်းရွှေစက်တော်ဂေါပကအဖွဲ့ဦးအောင်မျိုးထွန်း ဂေါပအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင်တို့က နမ္မဒါ(၁)တည်းခိုဆောင်မန်နေဂျာ ဦးခင်မောင်မြင့်ထံ ပေးပို့ခဲ့သည့်စာ ၅ စောင်မှာ လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားထားခြင်းအတွက် ခိုင်မာသော အထောက်အထားဖြစ်ကြောင်း ဦးတင်အောင်ထွန်းက ဆိုသည်။

“ ဒီ အဂတိလိုက်စားမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် ပြည်သူလူထုရဲ့အမြင်မကြည်လင်မှုတွေ ဖြစ်ပေါ်လာနေပါတယ်။ ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ပြီးတဲ့အချိန် နမ္မဒါ(၁)လုပ်ငန်းရှင်က ဂေါပကအဖွဲ့က စေလွှတ်တည်း ခိုစေတဲ့ အခန်းခ စုစုပေါင်း ၉၆ သိန်းပေးဖို့ တိုင်းအစိုးရကို တောင်းခဲ့တယ်၊ တိုင်းအစိုးရက လုပ်ငန်းရှင်ဟာ တည်းခိုဆောင်တွေ ပိုဆောက်ထားတာတွေ့ရလို့ဆိုပြီး ပေးရမယ့်ငွေ ၉၆ သိန်းနဲ့ညီမျှတဲ့ ဒဏ်ငွေ ၉၆ သိန်း တပ်ရိုက်လိုက်ပါတယ်” ဟု ဦးတင်အောင်ထွန်းက ပြောသည်။

ဆက်လက်ပြီး“ ဒါနဲ့လုပ်ငန်းရှင်က ဒဏ်ကြေးကင်းလွတ်ခွင့်ပေးပါဆိုပြီး အသနားခံစာတင်ပြတော့ ခွင့်မပြုပေးတဲ့အပြင် ဒဏ်ကြေးငွေဟာ ၉၆ သိန်း မဟုတ်တော့ပဲ ကျပ်သိန်း ၁၅၀ အဖြစ် ပြောင်းလိုက်ပါတယ်၊ ဂေါပက အဖွဲ့ကလည်း လုပ်ငန်းရှင်ကို ပွဲတော်ပြီး ပြန်ထုတ်ပေးရမဲ့ ကြိုတင်သွင်းထားငွေ ကျပ်သိန်း ၁ဝဝကို ပြန်ထုတ်မပေးတော့ပါဘူး။ ၂၀၁၉ ခုနှစ်ဘုရားပွဲတော်အတွက် တင်ဒါခေါ်တော့ VIP များ တည်းခိုဖို့ အထူးတည်းခိုဆောင် ၆ လုံး၊ရိုးရိုးတည်းခိုဆောင် အခန်း ၃ ခန်းကို လုပ်ငန်းရှင်က အကုန်အကျစရိတ် ကျခံပြီးတော့ ပွဲတော်ကာလ မတိုင်မီ အခန်းသော့တွေ အပ်နှံရမယ် ဆိုတာတွေအထိ ဖြစ်လာပါတယ်၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူတွေ အဂတိလိုက်စားဖို့ တရားဝင်အောင်ဆောင်ရွက်လိုက်ကြတာဖြစ်လို့ နိုင်ငံတော်သမ္မတရဲ့သဝဏ်လွှာပါ စကားများအတိုင်း ကော်မရှင်က မျက်နှာကြီးငယ်မလိုက် ဥပဒေနဲ့အညီပြတ်ပြတ်သားသားဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ကျွန်တော်အနေနဲ့ကတော့ နိုင်ငံရေးတာဝန်လက်ရှိဖြစ်နေသူတွေကို ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့မှ အဂတိလိုက်စားတာကို လက်မခံနိုင်တဲ့အတွက် ယခုလိုတင်ပြခဲ့ခြင်းဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အစီရင်ခံစာအပိုဒ် (၈၀)တွင် ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ တစ်ဦးကို စုံစမ်းစစ်ဆေးတရားစွဲတင်ပို့အရေးယူဆောင်ရွက်ခြင်းကို တွေ့ရှိရသည့်အတွက် ၂၀၁၈ ခုနှစ် ၁၀ လပိုင်း ၈ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍အဂတိလိုက်စားမှုကို တင်ပြထားခဲ့ကြောင်း၊ ယင်း တင်ပြထားခဲ့ သည်ကို  မျက်နှာကြီးငယ်မလိုက်ဘဲ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးစေရန် မျှော်လင့်ကြောင်း သိရသည်။

 ယခုနှစ်  မေ ၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌  တင်ပြခဲ့ခြင်း ဖြစ်ကာ အဂတိမှ ပြတ်ပြတ်သားသားဆောင်ရွက်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်းအတွင်း ထင်ရှားပြီး ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ မှ ဧပြီ ၁၇ ရက်နေ့ထိ ကျင်းပခဲ့ကာ ဘုရားဖူးဦးရေ သိန်းနှင့်ချီ လာရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly