နည်းပြသက်တမ်းတစ်လျှောက် 'အခက်ခဲဆုံး ချန်ပီယံဆုဖလား' အောင်မြင်မှုဖြစ်တယ်လို့ ဂွာဒီယိုလာ ပြော

နည်းပြသက်တမ်းတစ်လျှောက် 'အခက်ခဲဆုံး ချန်ပီယံဆုဖလား' အောင်မြင်မှုဖြစ်တယ်လို့ ဂွာဒီယိုလာ ပြော
Photos: EPA

ဂွာဒီယိုလာက မန်ချက်စတာစီးတီးရဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် အောင်မြင်မှုဟာ သူ့ရဲ့ နည်းပြဘဝသက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေထဲက အခက်အခဲဆုံး ဆုဖလား အောင်မြင်မှုဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားပါတယ်။

စီးတီးဟာ တနင်္ဂနွေနေ့ရဲ့ ဒီရာသီ နောက်ဆုံးပိတ်ပွဲအဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက်ကစားခဲ့ပြီး (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဝုဖ်ကို အိမ်ကွင်းမှာ (၂-၀) ဂိုးနဲ့ အနိုင်ခဲ့တဲ့ ဒုတိယနေရာက လီဗာပူးလ်ကို ကျော်ဖြတ်ကာ (၁)မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ရမှတ် (၉၇)မှတ်ဟာ ဘောလုံးရာသီတော်တော်များများမှာ ချန်ပီယံဖြစ်လောက်တဲ့ ရမှတ်မျိုးလည်းဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ နည်းပြဘဝ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့အပါအဝင် (၁၀)ရာသီမှာ ပြည်တွင်ဖလား (၈)လုံးထိ ဆွတ်ခူးခဲ့ပြီး သူက လီဗာပူးလ်ရဲ့ အရည်အချင်းနဲ့ပတ်သက်လို့လည်း သံသယမဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့ အများကြီး အလုပ်လုပ်ခဲ့ပါတယ်။ တကယ်တမ်းလည်း လီဗာပူးလ်အသင်းကို congratulations ဂုဏ်ယူပါတယ်လို့ ကျနော် ပျော်ပါရစေ။ ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ (လီဗာပူးလ်)က ပြီးခဲ့တဲ့ရာသီက ကျနော်တို့ရဲ့ အဆင့်အတန်းကို ပိုတိုးတက်လာစေဖို့နဲ့ ကျနော်တို့ကို တွန်းအားပေးရာမှာ ကူညီခဲ့ပါတယ်။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ပြိုင်ဆိုင်ရာမှာ ကျနော်တို့ကို လီဗာပူးလ်က တွန်အားပေးခဲ့တာကြောင့် အခုလို အောင်မြင်မှုရခဲ့တာပါ။ (၂)ရာသီမှာ ရမှတ် ၁၉၈ မှတ်ရတယ်ဆိုတာ မယုံနိုင်စရာပါပဲ။"

"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ကျနော်တို့က တိုးတက်စေခဲ့တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရပ်တည်ဖြစ်လာဖို့ လီဗာပူးလ်အသင်းက တစ်ချိန်လုံး ကျနော်တို့ကို ကူညီခဲ့ပါတယ်။"

စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရာမှာ ရမှတ် (၁၀၀) တိတိ ရရှိခဲ့ပေမယ့် နည်းပြကြီးက ပြီးခဲ့တဲ့ ရာသီရမှတ်ထက် နည်းနေရင်တောင်မှ သူတို့ရဲ့ အားထုတ်မှုက မလျော့ဘူးလို့ ဆိုပါတယ်။

"ချန်ပီယံဖြစ်ဖို့ ကျနော်တို့ (၁၄)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။"လို့ သူက ရှင်းပြခဲ့ပါတယ်။

"(၂)လကနေ (၃)လလောက်ထိ ကျနော်တို့ (၁)မှတ်မျှ မဆုံးရှုံးစေခဲ့ပါဘူး။ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်မတိုင်ခင်အထိ ပြိုင်ပွဲစုံမှာ ကျနော်တို့ အားလုံးကစားခဲ့ပါတယ်။

"ဒါဟာ ကျနော့်နည်းပြသက်တမ်းတစ်လျှောက်မှာ အခက်ခဲဆုံးဖြစ်ခဲ့ပါတယ်။"

ဒါပေမယ့် ဂွာဒီယိုလာက လာမယ့်ရာသီဟာ ပိုပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

"ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ပိုပြီး မာကျောလာမှာပါ။"

"နှစ်ရာသီဆက် ချန်ပီယံဖြစ်နိုင်တဲ့အခါ လာမယ့်ရာသီမှာ ကျနော်တို့ ပြန်လာနိုင်လိမ့်မယ်လို့ ခံစားချက်မျိုး ကျနော့်မှာ ရှိပါတယ်။ အခုလိုမျိုးဖြစ်လာဖို့ ကြိုးစားသွားမှာပါ။"

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၁၉၉၀ ခုနှစ်က ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း စီးတီးအသင်းရဲ့ နောက်ဆုံးပွဲရလဒ်ကို စောင့်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် စီးတီးက ရမှတ် မလျော့ခဲ့လို့ ကြိုးကြာနီတို့ဟာ အမှတ်ပေးဖလားကို ဆွတ်ခူးဖို့ ဆက်လက် စောင့်ဆိုင်းရတော့မှာပဲဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ပူးတွဲရရှိခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာက အန်ဖီးလ်ကလပ်အသင်းဟာ လာမယ့်ရာသီမှာ ထပ်မံစိန်ခေါ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

"ကျနော်တို့ ရာသီတစ်လျှောက်လုံး ပရီးမီးယားလိဂ်မှာ တစ်ပွဲသာ ရှုံးခဲ့ပါတယ်။ ကျနော်တို့ အရာအားလုံးပေးခဲ့ပါတယ်။ ကျနော်တို့ (၉၇)မှတ်အထိ ရရှိခဲ့ပါတယ်။ ကျနော်တို့ လာမယ့်ရာသီမှာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။"လို့ အီဂျစ်တိုက်စစ်မှူး ဆာလာက ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly