အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တပ်မတော်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တပ်မတော်ကား မိုင်းဆွဲတိုက်ခိုက်ခံရ
ဓာတ်ပုံ - AA

ရန်ကုန် ၊ မေ ၁၃ ။                     ။ တပ်မတော်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးအခြေစိုက်ရာ အမ်းမြို့နယ်အနီး၌ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးဆောင်ရွက်သည့် စစ်သည်များအား သယ်ယူပို့ဆောင်သည့်တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မဇ္စျိမသို့ အတည်ပြုပြောဆိုခဲ့သည်။

“မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်လေးတစ်ခုတော့ ဖြစ်ပါတယ်။ ရီမုမိုင်းခွဲပြီးတော့ ပစ်ပြေးပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ သိပ်ပြီး ထိခိုက်မှုမရှိပါဘူး” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည် အမ်းမြို့နယ် ညောင်ချောင်းကျေးရွာနှင့် ဓါတ်တော်ကျေးရွာ အကြားတွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အင်အားဖြည့်တင်းရန် လာရောက်သည့် တပ်မတော် ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော်ယာဉ် သုံးစီး ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ရက္ခိုင့်တပ် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

“အင်အားဖြည့်ဖို့အတွက် စစ်ကြောင်းထွက်လာတဲ့ ယာဉ်တန်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက် ခဲ့တာပေါ့နော်။ ကားသုံးစီးထိသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်” ဟု ခိုင်သုခက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ တွေ့ဆုံမှုအပြီး၌ ရခိုင် ပြည်နယ်အတွင်း၌ တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများ ရှိလာနေခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် မေလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲရှိန် မြင့်တက်နေသည်ဟုလည်း ခိုင်သုခက ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တပ်မတော် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်အနီးအထိ ကျယ်ပြန့်လာနေခဲ့ခြင်းလည်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required