ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ရအောင် အမြန်ဆုံးလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က တရုတ်ကို သတိပေး

ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ရအောင် အမြန်ဆုံးလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က တရုတ်ကို သတိပေး

မေ ၁၂ ။        ။ တရုတ်အစိုးရအနေနဲ့ လက်ရှိအချိန်မှာ အမေရိကန်နဲ့အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ရရှိအောင် လုပ်ဆောင်သင့်ကြောင်း၊ ဒါမှမဟုတ် အဲဒီလို မလုပ်နိုင်ခဲ့ဘူးဆိုပါက လာမယ့် ၂၀၂၀ နောက်ပိုင်းမှာ အခြေအနေဟာ ခုထက် ပိုဆိုးသွားဖို့သာ ရှိကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကို သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ၀ါရှင်တန်နဲ့ ပေကျင်းတို့ဟာ ကုန်သွယ်ရေး တိုက်ပွဲတစ်ခုအတွင်း ပိတ်မိနေလျက်ရှိပြီး နှစ်ဘက်အကြား များပြားလှတဲ့ အခွန်အကောက်တွေ အပြန်အလှန် တိုးမြှင့်ကောက်ခံထားကြလျက်ရှိပြီး အပြန်အလှန်အထိနာစေလျက်ရှိပါတယ်။

ယင်း နှစ်နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေဟာ ကမ္ဘာ့ စီးပွားရေးအပေါ် ထိခိုက်လာစေမယ့်အပေါ်မှာလည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေလျက်ရှိပါတယ်။

နှစ်နိုင်ငံအကြား ၂ ရက်တာ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်က ပြီးဆုံးသွားခဲ့ပေမယ့်လည်း သဘောတူညီချက် တစ်ခုမှ မရရှိခဲ့ပါဘူး။

တရုတ် အဆင့်မြင့် ညှိနှိုင်းရေးမှူးကတော့ ရှေ့လာမယ့် တစ်ရက်ရက်မှာ ပေကျင်းမှာ နှစ်ဘက်အကြား နောက်တစ်ကြိမ် ထပ်တွေ့ကြမယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့ စည်းမျဉ်းပိုင်းမှာ တရုတ်ဘက်က ဘယ်လို လိုက်လျောမှုမှ လုပ်မှာမဟုတ်ဘူးလို့လည်း သတိပေးသွားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ တရုတ်တို့အနေနဲ့ လက်ရှိကာလမှာ သဘောတူညီချက် ရအောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ၎င်းရဲ့ ဒုတိယသက်တမ်းကျရင် ဒီထက် ပိုဆိုးတဲ့အခြေအနေကိုသာ ရဖို့ ရှိနေတယ်လို့ သတိပေးသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly