ကျူးကျော်များအတွက် ရောင်းချခွင့်မရှိသောမြေနေရာများကို တိုင်းအစိုးရ စီစဉ်ပေးမည်

ကျူးကျော်များအတွက် ရောင်းချခွင့်မရှိသောမြေနေရာများကို တိုင်းအစိုးရ စီစဉ်ပေးမည်
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သော မိသားစုများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - AFP

ရန်ကုန်၊ မေ ၁၂ ။           ။ ကျူးကျော်နေထိုင်သူများအတွက် နေရာချထားရန် တိုင်းအစိုးရမှ ဆောင်ရွက်နေပြီး ရောင်းချခွင့်မရှိသော မြေနေရာများဖြစ်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်၊ ကျူးကျော်များ နေရာချထားရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီဝင် ဒေါ်မီမီတင်၏ ပြောဆိုချက်အရ သိရသည်။

“ တိုင်းဒေသကြီးကမြေကိုတော့ သင့်တော်တဲ့နေရာမှာ အလကားပေးမှာပေါ့နော်။ ကိုယ့်အိမ်ကိုယ်ဆောက် ဆိုတာ တစ်ဦးတစ်ယောက်ထဲကနေပြီးတော့ ဘယ်နှစ်ပေမှာ ဘယ်လိုသွားဆောက်ဆိုတာမျိုးမဟုတ်ဘူး။ ပြည်သူ့အခြေပြုအိမ်ရာဆိုပြီး ကိုယ့်စုဆောင်းငွေနဲ့ ကိုယ့် အိမ်လေးတွေကိုယ်ဆောက်နိုင်တာကို ပံ့ပိုးပေးတဲ့ အစီအစဉ်ပဲ” ဟု ၎င်းက ဆိုသည်။

အစိုးရမှ မြေနေရာများ အလကားပေးမည်ဟုဆိုသော်လည်း တစ်ဦးချင်းအနေဖြင့် ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ မြေကွက်တွင် စုပေါင်းနေထိုင်သည့် အိမ်ထောင်စုအားလုံး ပူးပေါင်းပိုင်မည်ဖြစ်ပြီး ရောင်းချခွင့် ရှိမည်မဟုတ် ဟု လည်း သိရသည်။

တိုင်းအစိုးရမှ ချထားပေးမည့် မြေကွက်လပ်တွင် အိမ်ထောင်စုအားဖြင့် ၁၀ စုဖြစ်စေ ၁၀၀ စု ဖြစ်စေ စုပေါင်း နေထိုင်ရမည်ဖြစ်ပြီး မိမိအိမ်ကို မိမိလုပ်အား၊ ငွေအား ဖြင့်တည်ဆောက်ရမည်ဖြစ်ကာ လိုအပ်သည့် အိမ်ဒီဇိုင်း ပုံစံ၊ အသေးစားချေးငွေများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးရန်ရှိကြောင်းလည်း သိရသည်။

တိုင်းအစိုးရမှ နေရာချထားပေးမည့်နေရာများမှာ မြို့သစ်များဖြစ်သည့် ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒဂုံတောင် ရွှေပေါက္ကံ၊ လှိုင်သာယာတို့တွင် နေရာချထားပေးမည် ဖြစ်ပြီး အကျယ်အဝန်းနှင့် တည်နေရာအတိအကျကိုမူ မသိရှိရသေးပေ။

“ ကိုယ်ဆောက်နိုင်တဲ့အိမ်တွေ ကိုယ်ဆောက်ရမှာဖြစ်တဲ့အတွက်ကြောင့် ငါတော့ ၄၀×၆၀ ပတ်လည်ကြီး ယူချင်တယ် ဆိုလို့တော့မရဘူးလေ။ အများနဲ့လုပ်ရမှာဆိုတော့ မပေးနိုင်ဘူး” ဟု ဒေါ်မီမီတင်က ပြောသည်။

အဆိုပါနေရာချထားပေးသည့်နေရာများတွင် လျှပ်စစ်မီး၊ ရေ၊ လမ်းပမ်းဆက်သွယ်ရေး လိုအပ်ချက်များ ရှိပါက တိုင်းအစိုးရမှ ဆောင်ရွက်ပေးဖွယ်လည်း ရှိသည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးမှ သိရသည်။

၂၀၁၇ ခုနှစ်အတွင်း စာရင်းကောက်ယူကာ ကျူးကျော်သက်သေခံစမတ်ကဒ်ထုတ်ပေးထားသည့် အိမ်ထောင်စု ပေါင်း ၁ သိန်းခွဲခန့်ရှိနေပြီး လက်ရှိရန်ကုန်မြို့တွင် ကျူးကျော်အရေအတွက်မှာ ၄ သိန်းကျော်အထိ ရှိနေကြောင်း ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်ချက်များအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly