အော်တိုမီးပွိုင့်စနစ် စမ်းသပ်စဉ် မီးပြတ်၍ စမ်းသပ်မှု ခေတ္တရပ်ဆိုင်းခဲ့ရ

အော်တိုမီးပွိုင့်စနစ် စမ်းသပ်စဉ် မီးပြတ်၍ စမ်းသပ်မှု ခေတ္တရပ်ဆိုင်းခဲ့ရ
Photo - The Global New Light of Myanmar Chat Conversation End

ရန်ကုန်၊ မေ ၁၁ ။     ။ ရန်ကုန်မြို့ရှိ မီးပွိုင့် အားလုံးနီးပါးကို မေ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ အော်တို စနစ်ဖြင့် စမ်းသပ်ထိန်းချုပ်ခဲ့ပြီး မီးပြတ်သဖြင့် စမ်းသပ်မှုခေတ္တရပ်ဆိုင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှသိရသည်။

 “ စမ်းသပ်တာတော့ ကျွန်တော်တောင်မသိသေးဘူး။ သိတာတော့ မီးပြတ်တော့လေ ကားတအားကျပ်သွားလို့ ရပ်လိုက်တယ်လို့ပဲသိထားတယ်”  ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုအနက် ၁၅၁ ခုကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှနေ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ စမ်းသပ်ထိန်းချုပ်မည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မီးပွိုင့်များ အော်တိုစမ်းသပ်လည်ပတ်ခြင်းကို မေ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီ အထိ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

“ ယာဉ်ကြောကျပ်တာ ချောင်တာကတော့ စမ်းသပ်တာဆိုတော့နည်းနည်းတော့ကျပ်သွားတာပေါ့” ဟု ရန်ကုန်တိုင်းယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး ရဲမှူးကြီးသိန်းဦးကပြောသည်။

မီးပွိုင့်များ အော်တိုစမ်းသပ်လည်ပတ်ခြင်းကို ကြိုတင်ကြေညာထားသည့် နှစ်ရက်စလုံးတွင် စမ်းသပ်ပြုလုပ်ခဲ့ပြီး အသေးစိတ်ကို မသိရသေးကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကဆိုသည်။

စမ်းသပ်ထိန်းချုပ်ခဲ့သည့် မီးပွိုင့်များမှာ ယခင်စမ်းသပ်ခဲ့ဖူးသည့် ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်းနှင့် ဆရာစံပွိုင့်တို့မှ လွဲ၍ ကျန်မီးပွိုင့်များတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

မီးပွိုင့်များကို ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာမှတစ်ဆင့် တစ်ပြိုင်တည်း ထိန်းချုပ်လည်ပတ်ရန် လုပ်ဆောင်ခြင်း မှာ နည်းပညာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပြီး၍ နောက်ဆုံးအဆင့် စမ်းသပ်ခြင်းဖြစ်ကြောင်း YRTA ထံမှ သိရသည်။

အဆိုပါ ဗဟိုထိန်းချုပ်ရေးစင်တာ တည်ဆောက်ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်ပြီဆိုပါက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းမှု၏ ၃၀ ရာခိုင်နှုန်းအထိ ဖြေလျော့ပေးနိုင်မည်ဟု လည်း YRTA ဘက်မှ ပြောဆိုထားသည်။

ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ်ကို ယခင်တိုင်းအစိုးရအဖွဲ့မှ တရုတ်အစိုးရပိုင် CRCC ကုမ္ပဏီနှင့် ရွှေယင်းကုမ္ပဏီအား ဖက်စပ် လုပ်ကိုင်ခွင့်ပေးထားခြင်း ဖြစ်ပြီး လက်ရှိ YRTA အောက်တွင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

အဆိုပါ အော်တိုမီးပွိုင့်စနစ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် လုပ်ငန်းစတင်ရန်ရည်မှန်းထားခဲ့သော်လည်း သတ်မှတ်ကာလအတွင်း မပြီးစီးခဲ့သဖြင့် ယခုမှသာ စမ်းသပ်ခြင်းဖြစ်ပြီး စနစ်အားလုံး အဆင်ပြေပါက တိုင်းအစိုးရထံ လွှဲပြောင်းသွားရန်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်း၊ ဟံသာဝတီအဝိုင်းတို့တွင်  YRTA မှ အော်တို မီးပွိုင့်စနစ် စမ်းသပ်ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly