ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပြန်အလှန် အပစ်ရပ်ကြောင်း ကြေညာချက်ထုတ်ပြန်

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပြန်အလှန် အပစ်ရပ်ကြောင်း ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ မေ ၁၁ ။       ။ ရှမ်း လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် အပြန်အလှန်အပစ်ရပ်ကြောင်း မေလ ၁၁ ရက်တွင် ရှမ်းဘာသာဖြင့်ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။

“ အပစ်ရပ်တာကတော့ တစ်လကျော်နေပြီ။ ဒီနေ့မှပဲတရားဝင် ပူတွဲထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်” ဟု RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း ကမဇ္စျိမသို့အတည်ပြုပြောသည်။

အချက် (၄) ချက်ပါဝင်သည့်အဆိုပါထုတ်ပြန်စာတွင် သျှမ်းလူမှုအဖွဲ့အစည်းများနှင့် သံဃာတော်များ၊ နိုင်ငံရေး ပါတီများနှင့် ပြည်သူများမှတောင်းဆိုသောကြောင့် လက်ခံအသိအမှတ်ပြုသည့်အနေဖြင့် ပစ်ရပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့သည် အလွတ်သဘော၊ တရားဝင်တွေ့ဆုံမှုများပြုလုပ်ပြီးနောက် အပစ် ရပ်ခြင်းကို ပိုမိုခိုင်မာစေရန် ဆက်လက်ဆွေးနွေး ကြိုးပမ်းနေကြ ကြောင်းလည်း ထုတ်ပြန်စာတွင် ရေးသား ထားသည်။
ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့်ပတ်သက်၍ သျှမ်းလက်နက်ကိုင်နှစ်ဖွဲ့မှ ဒေသခံများအပြင် သျှမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တိုက်ဖျက်မည်ဟုလည်း ထုတ်ပြန်ချက်အရသိရသည်။

“ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ သျှမ်းပြည်အရေးတွေကိုပြောကြမယ်လို့ အဲ့လောက်ပဲပြောနိုင်ပါတယ်”  RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။
ထို့အပြင် နယ်မြေသတ်မှတ်ချက်နှင့် ပက်သက်၍လည်းဆွေးနွေးနေပြီး ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ညီညီညွှတ်ညွှတ်ပူးပေါင်း ဆောင်ရွက်ရန်လည်း ကြိုးပမ်းနေသည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစတင်ကာ ၂၀၁၈ - ၂၀၁၉ ခုနှစ်မတ်လအထိ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုများတွင် ရှမ်းပြည်မြောက်ပိုင်း၌ RCSS၊ SSPPနှင့် တအောင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ အများဆုံးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း လေ့လာသုံးသပ်သူများမှ ထုတ်ပြန်ပြောဆိုထားသည်။

အဓိကအားဖြင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သီပေါ ဒေသများတွင်ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ထောင်ချီအထိ ရှိခဲ့သည်။
၂၀၁၉ ခုနှစ် ဧပြီခ နောက်ပိုင်းမှစတင်ကာ RCSSနှင့် SSPPတို့အကြား တိုက်ပွဲများ တဖြည်းဖြည်း သိသိသာသာ လျော့နည်းလာခဲ့ခြင်းဖြစ်ပြီး မေလ ၁၁ ရက်တွင် အပစ်ရပ်ကြောင်း ပူတွဲထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required