မေးခွန်းများအား အစိုးရအဖွဲ့မှ တိကျစွာဖြေကြားရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

မေးခွန်းများအား အစိုးရအဖွဲ့မှ တိကျစွာဖြေကြားရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း
ဓာတ်ပုံ - မွန်ပြည်နယ်လွှတ်တော်

ရန်ကုန် ၊ မေ ၁၁ ။      ။ လွှတ်တော်ကိုယ်စားလှယ်များမှ ကြိုတင်ပေးပို့ပြီးမေးမြန်းထားသည့် မေးခွန်းများကို အစိုးရအဖွဲ့ဝင်များအနေဖြင့် တိကျသေချာစွာ ဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က တိုက်တွန်းပြောဆိုလိုက်သည်။

“အုပ်ချုပ်ရေးမဏ္ဍိုင်မှတာဝန်ရှိသူ ဝန်ကြီးများအားလုံးတို့သည် မေးခွန်းကိုလည်း ကြိုတင်ရထားလျက်နဲ့ တိကျသေချာ မှန်ကန်တဲ့မြေပြင်အနေအထားနဲ့ ထင်ဟပ်သောအဖြေများကို ဖြေပေးဖို့ ကျွန်မပြောကြားလိုပါတယ်” ဟု ဒေါ်တင်အိက ဆိုသည်။

မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ ၏ နှုတ်ခွန်းဆက် အမှာစကားတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မေးမြန်းလိုသည့် မေးခွန်းများအား လွှတ်တော်သို့ (၁၀) ရက် ကြိုတင် ပေးပို့ထားပြီး ယင်းမေးခွန်းများအား လွှတ်တော်မှတဆင့် အစိုးရအဖွဲ့သို့ အမြန်ဆုံးပေးပို့ထားကြောင်း၊ ပုံမှန်လွှတ်တော်အစည်းအဝေး မစတင်မီ (၂၁) ရက် ကြိုတင်ပြီး အစိုးရဘက်သို့ အကြောင်းကြားထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ မေးခွန်းမေးမြန်းသည့် ကိုယ်စားလှယ်များ၏ မေးခွန်းသည် အစိုးရအဖွဲ့သို့ ရက်ပေါင်း (၃၀) ခန့် ကြိုတင်ရောက်ရှိနေခြင်းလည်း ဖြစ်သည်။ သို့သော်လည်း အစိုးရအဖွဲ့မှ မေးခွန်းများအား တိကျစွာ မဖြေကြားခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ဝန်ကြီးချုပ်ရှိတယ်၊ ဝန်ကြီးတွေရှိတယ်၊ ဌာနတွေရှိတယ်၊ ဋ္ဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မြေပြင်ကိုဆင်းကြည့်ပြီးတော့ ကျွန်မတို့ကို တိတိကျကျလေးဖြေပေးဖို့ လိုပါမယ်” ဟု ၄င်းကဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပနေစဉ်အတွင်း မေးခွန်းမေးမြန်းသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များအကြား ပွတ်တိုက်မှုများ ရှိနေခဲ့သည်။

လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်လည်း ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဒေါက်တာအောင်နိုင်ဦး မေးမြန်းခဲ့သည့် ပြည်နယ်ရန်ပုံငွေဘဏ္ဍာရေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဖွံ႕ဖြိုးရေးလုပ်ငန်းများ မေးခွန်းကို ပြည်နယ်အစိုးရက ပြန်လည်ဖြေကြားမှုအပေါ်၌ ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly