ဟနွိုင်းအစည်းအဝေး အရေးမလှတာကြောင့် မြောက်ကိုရီးယား မခံချိမခံသာ ဖြစ်နေပုံရလို့ တောင်ကိုရီးယား သမ္မတ ပြော

ဟနွိုင်းအစည်းအဝေး အရေးမလှတာကြောင့် မြောက်ကိုရီးယား မခံချိမခံသာ ဖြစ်နေပုံရလို့ တောင်ကိုရီးယား သမ္မတ ပြော

ဆိုးလ်၊ မေ ၁၀ ။           ။ “ဒါဟာ မြောက်ကိုရီးယားက ဟနွိုင်းအစည်းအဝေး သဘောတူညီမှု မရဘဲ အရေးမလှ ဖြစ်ခဲ့တာအပေါ် တော်တော်လေး မခံချိမခံသာ ဖြစ်နေပုံကို ပြသနေတာပဲ။”လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ရာထူးလက်ခံပြီး နှစ်နှစ်အတွင်း ပထမဆုံး ရုပ်သံအင်တာဗျူးမှာ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီကနေ့ မေ ၁၀ ရက်မှာ တာတိုပစ် ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီးနောက်မှာ မွန်ဂျေအင်းက မှတ်ချက်ပြု ပြောလာတာပါ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ဒုတိယကြိမ် ထိပ်သီးအစည်းအဝေးက သဘောတူညီချက် မရဘဲ အရေးမလှဖြစ်ခဲ့တာကို ရည်ညွန်းပြီး မြောက်ကိုရီးယားဖက်က တော်တော်လေး မကျေမချမ်း ဖြစ်နေပုံကြောင့် ခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာလို့ သမ္မတ မွန်ဂျေအင်းက မှတ်ချက်ပြု ပြောဆိုတာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ခု တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်တယ်ဆိုရင် ဒါဟာ သီတင်းတစ်ပတ်အတွင်းမှာ ဒုတိယအကြိမ်  ပစ်လွှတ်တာပဲ ဖြစ်ပါတယ်။ ၂၀၁၇ နိုဝင်ဘာလအတွင်းက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုနောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က တာတိုပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။

ခုတစ်ကြိမ် စမ်းသပ်ပစ်လွှတ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် ဘယ်သူမှ ပျော်မှ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ခု ပစ်လွှတ်မှုကို စစ်ရေးလေ့ကျင့် ပစ်လွှတ်မှု လုပ်ဆောင်တာဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံးအွန်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ ဖော်ပြပါတယ်။

KCNA သတင်းဌာနကတော့ ပစ်လွှတ်မှုကို ထုတ်ပြန်ကြေညာပေမယ့်လည်း စမ်းသပ်ပစ်လွွှတ်တဲ့ လက်နက်အမျိုးအစားကို ဖော်ပြခဲ့တာ မရှိပါဘူး။ တာဝေးပစ်လက်နက်တစ်မျိုးလို့ပဲ ဖော်ပြပြီး ဒုံးလက်နက် ဒါမှမဟုတ် ဒုံးထိပ်ဖူး စတဲ့ ဒုံးကျည်စကားရပ်ကို ရှောင်ကွင်းပြီး ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly