တက္ကသိုလ်ပညာရပ် ဝေါဟာရများ စာအုပ်ကို ပြန်လည်မွမ်းမံထုတ်ဝေ

တက္ကသိုလ်ပညာရပ် ဝေါဟာရများ စာအုပ်ကို ပြန်လည်မွမ်းမံထုတ်ဝေ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

မေလ ၁ဝ ရက်၊ ရန်ကုန် ။         ။ အင်္ဂလိပ်စာအသုံးအနှုန်းဝေါဟာရနှင့် ပတ်သက်ပြီး လေ့လာနိုင်မည့် တက္ကသိုလ်ပညာရပ်ဝေါဟာရများစာအုပ်ကို တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ မေလ ၁ဝ ရက်နေ့က ပြန်လည်မွမ်းမံထုတ်ဝေခဲ့သည်။

“အခု တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနက ဒီနေ့ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ဝေါဟာရများ စာအုပ်က ၁၉၇၁ က ထုတ်ဝေခဲ့ပြီးတဲ့ ပညာရပ်ဝေါဟာရများစာအုပ် ၈ တွဲကိုပဲ ကျွန်မတို့ A to Z ပြန်ထုတ် တာပေါ့။ အဲ့တော့ ဒီ A to Z ကတော့ အခုစာအုပ်ရဲ့ အရင်မှာ တစ်ခါ ထုတ်ဖူးပါတယ်” ဟု တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ တာဝန်ခံစာတည်းမှူး ဒေါ်နီလာချစ်ဆိုင်က ပြောသည်။

ဘာသာရပ် ၇ ခုက A to Z ဝေါဟာရပေါင်း ရသောင်းကျော် ပါဝင်သော “တက္ကသိုလ်ပညာရပ်ဝေါဟာရများ” စာအုပ် မိတ်ဆက်ပွဲကို မေလ ၁ဝ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဘာသာရပ်များမှာ စီးပွားရေးဆိုင်ရာဘာသာရပ်၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘာသာရပ်၊ စက်မှုသိပ္ပံ ဆိုင်ရာဘာသာရပ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ ဘာသာရပ်၊ ပညာရပ်ဆိုင်ရာဘာသာရပ်၊ ဝိဇ္ဇာနှင့် သိပ္ပံဆိုင်ရာဘာသာရပ်များဖြစ်ပြီး ၄င်းဘာသာရပ်များမှ ဝေါဟာရ ၇ သောင်းကျော် ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဒုတိယအကြိမ်ပြန်လည်မွမ်းမံထုတ်ဝေရာ၌ သတ်ပုံသတ်ညွှန်းပိုင်း၊ အသုံးအနှုန်းပိုင်း၊ အသံဖလှယ်မှု အပိုင်း၊ မူလအက္ခရာ၏ နောက်ဆက်တွဲများ ထည့်သွင်းခြင်းကို ပြုလုပ်ထားကြောင်း သိရသည်။

“ဟိုတုန်းက ထုတ်ခဲ့တဲ့ စာအုပ်တွေက တစ်ချို့ဝေါဟာရတွေမှာ မှိန်နေတယ်ပေါ့နော်။ မသဲကွဲဘူး။ အဲ့ ဝေါဟာရလေးက အမှတ်တမဲ့နဲ့ မှားသွားနိုင်တယ်။ ကျွန်မတို့လည်း ပြန်ရိုက်တဲ့အခါ မှားနိုင်တယ်။ အဲ့ဒါ ဆိုလို့ရှိရင် သေချာလား၊ မသေချာလား သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေကို တတ်နိုင်သလောက် ကျွန်မတို့ ချဉ်းကပ်ပါတယ်။ ကျွန်မတို့ ဒါလေးတွေ မေးမြန်းတယ်၊ ဆွေးနွေးတယ်။ ဆရာကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်မတို့ ပြင်ဆင်တယ်။ ဒါပေမယ့် A to Z တစ်ပေါင်းတည်းထုတ်တာကတော့ ဒုတိယအကြိမ် ပြန်ထုတ်တာပါ” ဟု ဒေါ်နီလာချစ်ဆိုင်က ဆက်ပြောသည်။

တက္ကသိုလ်ပညာရပ်ဝေါဟာရများစာအုပ်ကို မြန်မာငွေကျပ် ၇၅ဝဝ နှင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှ ၂ဝ၁၈ ခုနှစ်က ခေတ်သစ်ကဗျာများ၊ သုတရတနာသိုက်ဝတ္ထု၊ စာပေဆောင်းပါးများကိုလည်း ထုတ်ဝေခဲ့သည်။  
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly