အထက်မြန်မာပြည်အဖွဲ့အစည်းများအတွက် စာအုပ် ၆၀၀၀ ကျော် လှူဒါန်း

အထက်မြန်မာပြည်အဖွဲ့အစည်းများအတွက် စာအုပ် ၆၀၀၀ ကျော် လှူဒါန်း

ရန်ကုန်၊ မေ ၁၀ ။      ။ မြန်မာနိုင်ငံအထက်ပိုင်းရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်း ၁၄၀ နီးပါးအတွက် စာအုပ်ပေါင်း ၆,၃၀၀ ကျော်ကို အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့မှ မေ ၁၀ ရက်က ဂျက်ဖာဆန်စင်တာ၊မန္တလေးတွင် လှူဒါန်းခဲ့သည်။

“နိုင်ငံသားတွေ အသိပညာဗဟုသုတနဲ့ပြည့်စုံနေရင်ဒီမိုကရေစီစနစ်ဟာ အလုပ်ဖြစ်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက် ကျယ်ပြန့်တဲ့ စာပေတတ် မြောက်မှုက တစ်ဆင့်ပဲ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ပညာရေးကဏ္ဍ တိုးတက်ရေး ကြိုးပမ်းအားထုတ်ရာမှာ ပါဝင်ခွင့်ရတဲ့အတွက် အမေရိကန်သံရုံးက ဂုဏ်ယူမိပါတယ်” ဟု စာအုပ်လှူဒါန်းသည့်အခမ်းအနားဖွင့်ပွဲ တွင် အမေရိကန်သံရုံး၏ ပြည်သူရေးရာအရာရှိ ဂျွန်ဂရို့ချ်က ပြောသည်။

ဂျက်ဖာဆန်စင်တာ မန္တလေး၌ ယနေ့ကျင်းပသော အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအပြင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ချင်းပြည်နယ်၊ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်း ၁၄၀ နီးပါးအတွက် စာအုပ်ပေါင်း ၆,၃၀၀ ကျော်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဒေါက်တာဂျွန်ဂရို့ချ်နှင့် အာရှဖောင်ဒေးရှင်း၏ Program and Operations အကြီးတန်း အရာရှိ မီကီကျော်မြင့် တို့က တက်ရောက်လာကြသော အဖွဲ့အစည်းများကို စာအုပ်လှူဒါန်းသည့် လက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အာရှဖောင်ဒေးရှင်းသည် အမေရိကန်သံရုံး၊ မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်တို့နှင့်ပူးပေါင်းကာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော ပညာရေးဆိုင်ရာ အရည်အသွေးမြင့် စာအုပ်များနှင့် ကလေးစာအုပ်များကို မြန်မာနိုင်ငံအတွက် လှူဒါန်း လာခဲ့သည်မှာ ၂၀၀၇ ခုနှစ်ကတည်းကဖြစ်ပါသည်။

၁၂ နှစ်တာကာလအတွင်း အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့သည် တက္ကသိုလ်များ၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရကျောင်းများ၊ အစိုးရအေဂျင်စီစာကြည့်တိုက်များအပါအဝင် နိုင်ငံတစ်ဝန်း ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများအတွက်စာအုပ်ပေါင်း ၂၅၀,၀၀၀ ကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

“အဖွဲ့အစည်းရဲ့နေရာတိုင်းမှာ ပညာရေးဆိုင်ရာအရင်းအမြစ်တွေရရှိရေးဟာ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ အာရှဒေသအတွက် စာအုပ်များအစီအစဉ်ကနေပြီး လွွှတ်တော်စာကြည့်တိုက်တွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းစာကြည့်တိုက်တွေကစပြီး ပဋိပက္ခဘေးဒဏ်သင့်ဒေသက လူမှုအဖွဲ့အစည်း စာကြည့်တိုက် တွေအထိ မြန်မာနိုင်ငံတစ်ဝန်းမှာ ဘာသာရပ်မျိုးစုံ၊ စာအုပ်မျိုးစုံ လှူဒါန်းပါတယ်” ဟု အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာရုံးမှ မီကီကျော်မြင့်က ပြောသည်။

ဧပြီလအတွင်း ရန်ကုန်အမေရိကန်စင်တာ၌ ကျင်းပသော စာအုပ်လှူဒါန်းပွဲတစ်ခုတွင်လည်း ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိအဖွဲ့အစည်းပေါင်း ၁၃၁ ခုအတွက်စာအုပ်ပေါင်း ၉,၈၀၀ ကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံအောက်ပိုင်းရှိ အဖွဲ့အစည်းများအတွက် ဧပြီလအတွင်း လှူဒါန်းခဲ့သည့်စာအုပ်များနှင့်ပေါင်းလျှင် ၂၀၁၉ ခုနှစ်အတွင်း အင်စတီကျူးရှင်း ၃၀၀ နီးပါးအတွက်စာအုပ်ပေါင်း ၁၆,၀၀၀ ကျော်လှူဒါန်းခဲ့ပြီးဖြစ်သည်ဟု အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required