မကွေးမြို့ ကျောက်သားဥယျာဉ်အနီး ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိ

မကွေးမြို့ ကျောက်သားဥယျာဉ်အနီး ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိ

မကွေး၊ မေ ၁၀ ။                       ။ မကွေးမြို့ ၊ ဆားစည်ရပ်ကွက်၊ ကျောက်သားဥယျာဉ်အနီးအမှိုက်ပုံမှ မေ ၁၀ ရက် နံနက်(၉နာရီခွဲ)အချိန်က  ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

 အဆိုပါ ကျည်ဆန်များကို မကွေးစည်ပင်သာယာရေးအဖွဲ့မှ ကျောက်သားဥယျာဉ် အုတ်နံရံများကို ဆေးသုတ်နေသည့် နေ့စား ဆေးသုတ်အလုပ်သမားများက ကျောက်သားဥယျာဉ်ဘေး ဘုရားလမ်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဆေးသုတ်လုပ်သား ကိုဦးက ပြောသည်။

" ကျွန်တော်တို့က ကျောက်သားဥယျာဉ် ဘေးကအုတ်ခုံတွေကို ဆေးသုတ်နေတာပါ။ ဆေးသုတ်နေရင်း အမှိုက်ပုံဘေးက ဆာလာအိတ်ကိုတွေ့လို့ ဆာလာအိတ်ပေါ်ထိုင်ပြီးဆေးသုတ်တာ ဆာလာအိတ်ထဲက ဘာတွေမှန်းမသိဘူး။ စူးတဲ့အတွက် သံတွေမှတ်လို့ ကြည့်လိုက်တော့ ကျည်ဆန်တွေဖြစ်နေတဲ့အတွက် ဒီနားက လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကိုပြောလိုက်တာ၊ အဲဒီမှာ တာဝန်ရှိသူတွေလာကြတာပါ "ဟု ကိုဦးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါကျည်ဆန်များကို ပီနံအိတ်ဖြင့်ထုတ်ထားပြီး ကျည်ဆန်အိတ်ပါကင် ၂ ထုပ် တွေ့ရှိကြောင်း ကျည်ဆန်အမျိုး အစားမှာ အမ်အေ (၁/၂/၃/၄) လက်နက်သုံး ကျည် ၅.၅၆ ၂၀၀၅ ခုနှစ်ထုတ်ဖြစ်ပြီး ကျည်၏နောက်ပိတ်တွင် မြန်မာစာလုံးဖြင့် ရေးသားထားရှိကြောင်း တွေ့ရှိရသည်။

" တစ်ထုပ်မှာ (၄၃၀) နောက်တစ်ထုပ်မှာ (၃၅၂) စုစုပေါင်း (၇၈၂)တောင့် သိမ်းဆည်းရမိတယ်" ဟု   မကွေးမြို့မစခန်း ခေတ္တစခန်းမှူး ဒုရဲမှူး စိုးသိမ်းထွန်း ကပြောသည်။

 " ကျွန်တော်တို့ဆီကို ၁၀ နာရီ၁၅ မိနစ်အချိန်မှာ ကမ်းနားလမ်းအနီ ဘုရားလမ်းကျောက်သား ဥယျာဉ်နားမှာ ကျည်ဆန်တွေ တွေ့တယ်။ ဖုန်းနဲ့သတင်းပေးလို့ လိုက်လာတော့ ကျည်ဆန်အထုပ် ၂ ထုပ်ကို တွေ့ပါတယ် ။ စုစုပေါင်း ကျည်ဆန်ပေါင်း(၇၈၂)တောင်ကိုတွေ့ပါတယ် ။ကျွန်တော်တို့က ဒီကျည်ဆန်တွေကို တပ်မတော်ကိုလွှဲမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည််။

လတ်တလောအနေဖြင့် မည်သည့်ကျည်ဆန်များ ဖြစ်ကြောင်း မသိရှိရသေးပေ။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly