စင်ကာပူတွင် ရှားပါး မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ် ပထမဆုံးအကြိမ် တွေ့ရှိ

စင်ကာပူတွင် ရှားပါး မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ် ပထမဆုံးအကြိမ် တွေ့ရှိ
Photo: CDC Public Health Image Library

မေ ၁၀  ။      ။ ရှားပါး မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရမှုဖြစ်စဉ်တစ်ခု စင်ကာပူမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း စင်ကာပူအစိုးရက အတည်ပြုခဲ့ပါတယ်။

ယင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူကတော့ ဧပြီ ၂၈ ရက်က နိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးဖြစ်ပြီး မေလ ၈ ရက်က ၎င်းအမျိုးသားမှာ ယင်း မျောက်ကျောက်  ဗိုင်းရပ်စ် ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က ထုတ်ပြန်ပါတယ်။

၎င်းကိုတော့ လက်ရှိအချိန်မှာ ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား စင်တာမှာ သီးသန့် ထားရှိ စောင့်ကြည့်နေလျက်ရှိပြီး အခြေအနေကောင်းမွန်တည်ငြိမ်လျက် ရှိတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ စင်ကာပူမှာ ပထမဆုံးအကြိမ်အဖြစ် ဒီ မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ် တွေ့ရှိခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်း ရောဂါ ကူးစက်ခံထားရတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ နီးနီးကပ်ကပ် ရှိခဲ့သူတွေကိုလည်း သီးခြား ထားကာ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေလျက် ရှိပါတယ်။

Monkeypox လို့ ခေါ်တဲ့ မျောက်ကျောက်ရောဂါကတော့ တိရစ္ဆာန်တွေကနေ လူတွေဆီ ကူးစက်ပြန့်နှံ့တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့ ရှားပါး ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး ဗဟို နဲ့အနောက် အာဖရိကဒေသတို့မှာ အဓိက တွေ့ရှိရတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly