ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်၊ ဗိုလ်လုပွဲ (၄)နေရာစလုံး သိမ်းပိုက်ရယူတဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးလိုက်တဲ့ အင်္ဂလိပ်ကလပ်အသင်းများ

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်၊ ဗိုလ်လုပွဲ (၄)နေရာစလုံး သိမ်းပိုက်ရယူတဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးလိုက်တဲ့ အင်္ဂလိပ်ကလပ်အသင်းများ

အင်္ဂလိပ်ကလပ်အသင်းတွေဟာ အဓိကပြိုင်ပွဲကြီး နှစ်ရပ်မှာ ဗိုလ်လုပွဲ လေးနေရာစလုံးကို သိမ်းပိုက်လိုက်ရယူလိုက်တဲ့ ဥရောပဘောလုံးသမိုင်းမှတ်တမ်းကို ဖန်တီးလိုက်ကြပါတယ်။

ကြာသပတေးနေ့က အာဆင်နယ်အသင်းက ဗလင်စီယာကို နိုင်ပြီး ချယ်လ်ဆီးကလည်း ဖရန့်ဖတ်ကို အနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အသီးသီးတက်ရောက်ခဲ့ကြပါတယ်။

အလားတူပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးလ်က ဘာစီလိုနာ၊ စပါးက အေဂျက်စ်တို့ကို အံ့အားသင့်ဖွယ် အနိုင်ရလဒ်တွေနဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။

ဒါဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ နှစ်ရပ်မှာ ဗိုလ်လုပွဲကို နိုင်ငံတစ်နိုင်ငံတည်းမှ အသင်း (၄)သင်း တက်ရောက်တဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၎င်းမတိုင်ခင်က All-English finals နှစ်ခုဖြစ်တဲ့ စပါးက ဝုဗ်စ်အသင်းကို အနိုင်ရတဲ့ ၁၉၇၁-၇၂ ယူအီးအက်ဖ်အေဖလားနဲ့ မန်ယူအသင်းက ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ ၂၀၀၇-၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲတို့ဖြစ်ပါတယ်။

စပိန်နိုင်ငံက ၂၀၁၅-၁၆ ရာသီမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ (၂)ခုမှာ အသင်း (၃) သင်းအထိ ဗိုလ်လုပွဲတက်ရောက်ခဲ့ပါတယ်။ ဒါကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်နဲ့ အက်သလက်တီကို၊ ယူရိုပါလိဂ်ဆွတ်ခူးခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ ဆီဗီလားတို့ဖြစ်ပါတယ်။

"အင်္ဂလန်မှာ အဆင့်အတန်းဟာ အလွန်မြင့်မားပြီး ပရီးမီးယားလိဂ်ဟာ ဥရောပမှာ အကောင်းဆုံးချန်ပီယံရှစ်ဖြစ်ပါတယ်။"လို့ ချယ်လ်ဆီးနည်းပြ ဆာရီက ပြောပါတယ်။

အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ဟာ မေလ ၂၉ ရက်မှာ လန်ဒန်ကနေ မိုင်ပေါင်း (၂,၄၆၈) မိုင်ကွာဝေးတဲ့ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရ (၅)သင်းမြောက် အင်္ဂလိပ်အသင်းဖြစ်လာင်ဖွယ်ရှိတဲ့ ဂန်းနားတို့ဟာ ဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဲဝင်ရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး (၄)နေရာနဲ့ ပြီးဆုံးခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် သေချာသွားခဲ့ပြီးဖြစ်ပါတယ်။

ဘာကူရဲ့ အိုလံပစ်အားကစားကွင်းဟာ ပရိသတ် (၆၈,၇၀၀) ဦး ဝင်ဆံ့ပေမယ့် ယူအီးအက်ဖ်အေက အသင်းတစ်သင်းစီကို လက်မှတ် (၆,၀၀၀)သာ ခွဲဝေပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် အာဆင်နယ်အသင်းက ဘယ်လို လက်မှတ်ခွဲဝေပေးရမလဲဆိုတာ အလွန်ခက်ခဲနေပြီး စိတ်ပျက်စရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

စပါးနဲ့ လီဗာပူးလ်တို့ဟာ ဇွန် ၁ ရက်မှာ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဆိုပါအသင်းပရိသတ်တွေဟာ ယူကေကနေ တိုက်ရုက်လေကြောင်းလိုင်းတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခရီးသွားရမှာဖြစ်ပြီး ပေါင် (၁,၃၀၀)အထိ ကုန်ကျမှာဖြစ်တာကြောင့် အချို့လေကြောင်းလိုင်းတွေဟာ "အမြတ်အစွန်း"ရနေတယ်လို့ စွပ်စွဲခံနေရပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ အောင်မြင်မှုတွေက လာမယ့် သြဂုတ်လမှာ all-English ယူအီးအက်ဖ်အေ စူပါဖလားအဖြစ်လည်း မြင်တွေ့ရအုံးမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly